Monday, November 21, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး စတုတ္ထနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၁

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်း (၇)ခု မေးမြန်း ဖြေကြားခြင်းနှင့် ဥပဒေကြမ်း ၂ ခုနှင့်စပ်လျဉ်းသည့် အစီရင်ခံစာများ ဖတ်ကြားခြင်း တို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေး ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာနှင့် ကျင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတို့အား တက္ကသိုလ် ဝင်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်ပေးရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းကို ရေမျက်နီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းအပါအ၀င် စာစစ်ဌာနအသစ် (၁၃၆)ခုအား ဖွင့်လှစ်ခွင့်ရရှိနိုင်ရေးအတွက် အမှု တွဲများကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ယင်းအမှုတွဲများကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးရွှေလှ (ခ)ဦးရွှေလှဝင်း၏ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ မူလတန်း ကျောင်းတချို့နှင့် အ.ထ.က၊ အ.ထ.က(ခွဲ)များရှိ မူလတန်းအဆင့် တွင် ကျောင်းသားများနှင့် ဆရာအချိုး မမျှမတ ဖြစ်ပေါ်နေခြင်းအပေါ် မျှတမှုရှိလာအောင် မည်သို့ ဆောင်ရွက်မည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ သင်္ယန်းကျွန်းမြို့နယ်၏ ဆရာနှင့်ကျောင်းသား ဦးရေအချိုးမှာ အထက်တန်းအဆင့်တွင် ၁ အချိုး ၃၀ ၊ အလယ်တန်းအဆင့်တွင် ၁ အချိုး ၂၄ ၊ မူလတန်းအဆင့်တွင် ၁ အချိုး ၄၇ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အဆိုပါမြို့နယ်၌ ဆရာနှင့်ကျောင်းသားဦးရေ အချိုးအရ အခြား မြို့နယ်များထက် လုံလောက်မျှတမှု ရှိနေပါကြောင်း ဖြေကြားသည်။

အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၏ အဏ္ဏ၀ါမင်းဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပညာရေး ဝန်ကြီးဌာနတို့ သဘောတူညီမှုဖြင့် ဆောင်ရွက်နေသော အလုံမြို့နယ်ရှိ မြို့နယ်ပညာရေးမှူး ရုံးမြေနေရာအား မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်း နှင့်စပ်လျဉ်း၍ ယခုမေးမြန်းသောကိစ္စသည် မဏ္ဏ၀ါမင်း ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပညာရေးဝန်ကြီးဌာနတို့ သဘောတူဆောင်ရွက်ခြင်းမဟုတ်ဘဲ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် သဘောတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အဏ္ဏ၀ါမင်း ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ပညာရေးမှူးရုံးအတွက် (၄၅×၃၅) ပေ၊ RC (၃)ထပ် အဆောက်အဦ (၁)လုံးနှင့် Basement+(၁၅)ထပ် +Penthouse (ကားပါကင် ၄ ထပ်၊ ဓာတ်လှေကား ၂စင်းပါ) အဆောက်အဦ (၁)လုံး ဆောက်လုပ်မည်ဖြစ်ပြီး အခန်း စုစုပေါင်း (၄၄)ခန်းနှင့် Penthouse ပါရှိမည်ဖြစ်ကြောင်း နှင့် အကျိုးအမြတ် ခွဲဝေမှုအရ ဌာနမှ (၄၂) ရာခိုင်နှုန်း၊ လူနေအခန်း (၁၉)ခန်းနှင့် ကုမ္ပဏီမှ (၅၈)ရာခိုင်နှုန်း အခန်း(၂၅)ခန်း + Penthouse ရရှိမည်ဖြစ်ကြောင်း ဖြေကြားသည်။

ထို့ပြင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၊ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စောတို့၏ ပညာရေးဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ဥပဒေကြမ်းကော်မတီက ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို တင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းများနှင့် ပတ်သက်၍ ပြင်ဆင်ချက် အဆိုတင်သွင်း ဆွေးနွေးနိုင်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။


(သတင်းစဉ်)

No comments:

Post a Comment