Monday, November 21, 2016

ညောင်ဦးတွင် ၂၇ နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် အထိမ်းအမှတ် နေ့အခမ်အနားကျင်းပ


ညောင်ဦး နိုဝင်ဘာ ၂၀
ညောင်ဦးတွင် ခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ပလန်-မြန်မာတို့ ပူးပေါင်းကျင်းပသည့် ၂၇ နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် အထိမ်းအမှတ်နေ့ အခမ်အနားကို နိုဝင်ဘာ ၂၀ ရက် နံနက် ၈း၃၀ အချိန်က ညောင်ဦးမြို့နယ် စည်ပင်သာယာပန်းခြံရှေ့၌ ကျင်းပ ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာအခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန မူကြိုကျောင်းမှ ကလေးငယ်များက သားသားမီးမီးတစ်နေ့တာသရုပ်ဖော်၊ ပန်းကောက်တေးအကနှင့် ဒို့ချစ်တဲ့ကမ္ဘာတေးသီချင်းများဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ 
အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းထွန်းနိုင် နှင့် ပလန်မြန်မာမှ စီမံကိန်းဒါရိုက်တာ ဒေါ်ဆွေဆွေမြင့်တို့က  ၂၇ နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်၏ သမိုင်းအကျဉ်း၊ ကလေးသူငယ်များအပေါ် လွဲမှားစွာပြုကျင့်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ လျစ်လျူရှုပြုမှုခြင်းနှင့် အကြမ်းဖက်မှုပြု ခြင်းကိစ္စရပ်များ မဖြစ်ပွားစေရေးအတွက် သိသင့် သိထိုက်သည်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောင်ဘီလယ်ယာ ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသူ မနွေးနွေးထွေးက ၂၇ နှစ်မြောက် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် အထိမ်းအမှတ်နေ့ အခမ်အနား ကျင်းပပေးသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကလေးသူငယ်များ အားလုံးကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက မနောမြေ၊ နောင်အင်းလေး၊ မန်းတောင်ရိပ်ခို၊ မှုံရွှေရည်၊ တစ်ပင်တိုင်အက၊ ဖိုးသူတော်ယိမ်းတို့ဖြင့် ဖျော်ဖြေကြသည်။ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပလန်မြန်မာမှ ၀န်ထမ်းများက တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား ကလေးသူငယ် အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ တက်ရောက်ကြကြောင်း သိရသည်။

(ညောင်ဦးခရိုင် ပြန်/ဆက်)

No comments:

Post a Comment