Saturday, November 5, 2016

ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၅
ပြန်ကြားရေးဝန်ကြီးဌာနမှ စီစဉ်သည့် ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပသည်။

ကလေးစာပေပွဲတော်၌ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူများက ကလေးများစာပေပွဲတော် သီချင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်း တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကလေးစာပေပွဲတော်နာမည်နှင့် စာပေပွဲတစ်ခုကို ယခုနှစ် စောစောပိုင်း ဇန်န၀ါရီလထဲတွင် ရန်ကုန်မြို့၌ ကျင်းပပါကြောင်း၊ ရန်ကုန်မြို့တွင် ထိုအချိန်က မိမိနှင့် မိတ်ဆွေများဖြစ်သည့် စာရေးဆရာ၊ ကဗျာဆရာများ၊ စာအုပ်ထုတ်ဝေသူများ၊ စာအုပ် လုပ်ငန်းသမားများ၊ စာကြည့်တိုက်ပညာရှင်များ၊ စာအုပ်စာပေကိစ္စတွင် စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များနှင့် အတူတွဲပြီး မိမိတို့ ကလေးစာပေပွဲတော်ကို ရန်ကုန်တွင်ကျင်းပပါကြောင်း၊ နေ့ခင်းပိုင်းတွင် စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ စာအုပ်ရောင်းပွဲ၊ ကလေးများအတွက် ပျော်ရွှင် ဖွယ်ရာအစီ အစဉ်မျိုးစုံဖြင့် ကျင်းပပါကြောင်း၊ ရန်ကုန်တွင် သုံးရက်လုံးလုံးက တိုးမပေါက်အောင် စည် ကားခဲ့ပါကြောင်း၊ ထိုပွဲတော်မျိုးကို မိမိတို့ နေပြည်တော်တွင် ကျင်းပချင်သော်လည်း ရန်ကုန်နှင့် နေပြည်တော်ပတ်ဝန်းကျင်အနေအထား၊ လူနေထိုင်မှုချင်း ကွာခြား သော ကြောင့် နေပြည်တော်တွင် ရန်ကုန်နှင့် တစ်ထပ်တည်း တူညီစွာမလုပ်နိုင်ပါကြောင်း၊ နေပြည်တော်၏ အခြေအနေနှင့် သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်ရပါကြောင်း။
ရန်ကုန်၌ စာပေပွဲတော်ကို ကျင်းပခဲ့ရာတွင် ယခုကဲ့သို့ မည်သူမဆို တက်ရောက်နိုင်သည့်အတွက် စာသင်ကျေုာင်းများနှင့် အရပ်ထဲမှ ကလေးငယ်များ စွာလာ ကြပါကြောင်း၊ နေပြည်တော်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းများနှင့် ပြင်ပပုဂ္ဂလိကကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကလေးများကို ယခုပွဲတွင် ပါဝင်ဆင်နွှဲ ပေးရန် မိမိတို့ ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ကလေးငယ် များစွာတက်ရောက် လာကြသည်ကို တွေ့ရသည့်အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်း။
ကလေးများအတွက် ပျော်စရာရွှင်စရာ အစီအစဉ်မျိုးစုံကို တတ်နိုင်သမျှ စုံလင်စွာ စီစဉ်ပေးထားပါကြောင်း၊ ယနေ့ပွဲတော်ကိုလာသည့်အခါ ကလေးများ ပျော်ရွှင်သွားရန်မှာ ပထမဆုံးရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ ကလေးများအတွက် ပျော်ရွှင်စရာ အမှတ်တရနေ့ ရက် တစ်ခုဖြစ်သွားစေချင်ပါကြောင်း၊ ပျော်ရွှင်ရင်းနှင့် တစ်ချိန်တည်းမှာပင် ပြသထားသည့် ပြကွက်များ ကြည်ရှုရင်း  အသိဉာဏ်တစ်စုံတစ်ရာ တိုးသွားလိမ့်မည်ဟု ယုံကြည်ပါ ကြောင်း၊ ထို့ပြင် ပျော်ရွင်မှုနှင့်အတူ အသိဉာဏ်ပညာ တစ်စုံတစ်ရာ တိုးသွားရန် ရည်ရွယ် ပါကြောင်း။
ယခုပွဲတော်တွင် စာအုပ်စာတမ်း တော်တော်များများ ခင်းကျင်းထားသည်ကိုတွေ့ရ မည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အသက်အရွယ်မျိုးစုံနှင့်လိုက်ဖက်သည့်စာအုပ် များ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ စာအုပ်များကို အစုံတွေ့ရမည်ဖြစ်ပါကြောင်း၊  ကလေးတစ်ယောက်အနေဖြင့် စာအုပ်တစ်အုပ်ကို အဖုံးတွင်ပါသည့် သရုပ်ဖော်ပုံ ကြောင့်ဖြစ်စေ၊ စာအုပ်အမည်ကြောင့်ဖြစ်စေ၊ စိတ်ဝင်စား၍ဖတ်ကြည့်ပြီး စာအုပ်ထဲတွင် လည်း သူစိတ်ဝင်စားသည့် အကြောင်းအရာတွေ့သွားပါကစာအုပ်ကိုကြောက်တော့မည် မဟုတ်ပါကြောင်း။
ထိုသို့စာဖတ်ရင်းဖြင့် အသိပညာကြွယ်ဝသည် ကလေးများဖြစ်လာမည်ဖြစ်ပါ ကြောင်း၊ စာဖတ်ခြင်းသည် အသိပညာ ဗဟုသုတများကို ပြည့်ဝစေပါကြောင်း၊ ကလေးများ ၏ နှလုံးသားသည် အင်မတန်နုနယ်၊ နူးညံ့သိမ်မွေ့ပါကြောင်း၊ ထို့ပြင် ကလေးများ၏ နှလုံးသားသည် ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်ပါကြောင်း၊ ထို့ကြောင့် ငယ်ငယ်ရွယ်ရွယ်တွင် ဖတ်လိုက်သည့် စာများသည် အသက်ကြီးလာသည့်အထိ စွဲစွဲလမ်းလမ်း ဖြစ်သွားပါ ကြောင်း၊ အသက်ကြီးလာသည့်အခါ အတွေ့အကြုံများ မျိုးစုံရလာသည့်အတွက် နှလုံးသားက ထူထဲ ကြမ်းတမ်းလာပါကြောင်း၊ တော်ရုံတန်ရုံလည်း မထိမရှ၊ မခံစားတော့ပါ ကြောင်း။ 
ကလေးများအတွက် ရေးထားသည့်စာပေများကို ကြည့်လိုက်ပါက မကောင်းသည့် အရာများ သိပ်မပါပါကြောင်း၊   ကလေးများ၏ စိတ်ကောင်းနှလုံးကောင်းကို ပေးသည့် စာပေများ များပါကြောင်း၊ တရားခြင်း၊ မတရားခြင်း စသဖြင့် ခွဲခွဲခြားခြား ပြတ်ပြတ် သားသား ပြသည့်စာ များပါကြောင်း၊ ကလေးများကို စာပေများမှတစ်ဆင့် သင်ခန်း စာများ ပေး၍ရပါကြောင်း။
ဥပမာ အီစွတ်ပုံပြင်များဆိုသည့် စာအုပ်ကို မှတ်မိကြမည်ဖြစ်ပါကြောင်း၊  ယင်း စာအုပ်ကို ပြန်ဖတ်ကြည့်လိုက်ပါက ပုံပြင် ၁၀၀ တွင် ၉၀ ခန့်မှာ စာမျက်နှာတစ်ဝက် လောက်သာရှိပါကြောင်း၊ စပျစ်သီးချဉ်သည်ကိုလည်း သိသွားပါ ကြောင်း၊ စပျစ်သီးတွဲကြီး ကို မြေခွေးက ခုန်ပြီး စားဖို့ကြိုးစားမှု၊ မမှီသည့်အခါ ဒီအသီးက ချဉ်သည်ဆိုပြီး ထွက်သွားသည့် အကြောင်း၊  ပုံပြင်ကပေးသည်မှာ စပျစ်သီး ချဉ်ကြောင်း၊ နောက်တစ်ဆင့် ထပ်တွေးပါက တချို့လူများသည် ထိုစပျစ်သီးဆိုသည့်အရာကို သူမရ သည့်အခါ မကောင်းပြောပါလားဆိုသည့် အတွေး တွေးမိပါကြောင်း၊ ယုန်နှင့်လိပ် အပြေးပြိုင်သည့် ပုံပြင်ဆိုလျှင် ယုန်က ဘဝင်မြင့်ပြီး အိပ်နေခြင်းကြောင့် လိပ်ကိုရှုံးသွား ကြောင်း၊ လိပ်က ဝိရိယ ကောင်းသည့်အတွက် နိုင်သွားကြောင်း ခေါင်းထဲတွင် အသိဉာဏ် ရလာပါကြောင်း။
ကလေးစာပေတွင် ပုံပြင်များက အဓိပ္ပာယ်၊ အသိလေးများ ပေးခြင်းဖြစ်ပါကြောင်း၊ ကလေးများ စာဖတ်လာပြီး ကလေးစာပေများ ပိုမိုထွန်းကားလာပါက ကလေးစာကောင်း ပေကောင်းများ ရေးသည့်လူများလည်း ပေါ်လာမည်ဖြစ်ပါကြောင်း၊ ကလေးများသည် ရှေးကရှိခဲ့သည့် ပုံပြင်များမှ ရသည့်အသိနှင့် လောကကြီးအကြောင်း၊ လူများအကြောင်း ကို ငယ်ငယ်ရွယ်ရွယ်ဖြင့် သိနိုင်ပါကြောင်း၊ ထို့ပြင် လူကြီးများသိနေသည့် အသိများကို လည်း ကလေးများစောစောစီးစီး ငယ်ငယ်ရွယ်ရွယ်က သိရန်လိုအပ်ပါကြောင်း၊ သို့မှသာ လူ့အဖွဲ့အစည်းထဲတွင် အဆင်ပြေပြေနှင့် နေသွားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကလေးစာပေများ ထုတ်နေပြီဖြစ်ပါကြောင်း၊ ကလေးများကို ရည်ရွယ်ပြီး ကလေးများကို ယခုခေတ်လူကြီးများ၏ အမြင်များ၊ အတွေးများ စောစောစီးစီး သိနိုင်အောင် ရေးသား ထားသည့် စာအုပ်စာပေများ ရှိပါကြောင်း။
 မိမိတို့ ကလေးများကို ငယ်စဉ်အရွယ်ကတည်းက စာအုပ်စာပေများ စီစဉ် ဆောင် ရွက်ပေးမည်ဆိုပါက ကလေးများသည် အသက်အရွယ် အတော်အတန် ရလာသည် နှင့်အမျှ အသိပညာ ဗဟုသုတများ ပြည့်စုံလာမည်ဖြစ်ပါကြောင်း၊ နည်းနည်းလေး အရွယ် ရောက်သည့်အချိန်တွင် သူ့ပတ်ဝန်းကျင်၊ သူ့အဖွဲ့အစည်းထဲတွင် သူတို့ လုပ်သင့် ကိုင်သင့်သည့် အလုပ်၊ မည်သည့်နေရာတွင် ခံယူသင့်သည့်အသိ စသည်ဖြင့် မည်သည့် အရာများ ဆောင်ရွက်သင့်သည်သည်ကို ကလေးများအရွယ်ရောက်သည့် အချိန်တွင် ပြည့်စုံပြီးသား ဖြစ်နေပြီဆိုသည့် အနေအထားလေးကို တွေ့ရပါကြောင်း။
မိဘများ၊ ဆရာများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် အထူးရိုက်နှိပ်ထားသည့် စာပေများဖတ်ပြီး ကလေးများကို အသိများပေးစေချင်ပါကြောင်း၊ မိမိတို့ ရေးထားသည့် ဆောင်ပုဒ်များ ရှိပါကြောင်း၊ "အိမ်တစ်အိမ် စာအုပ်စင် တစ်စင်၊ ကျောင်းတစ်ကျောင်း စာကြည့်တိုက် တစ်တိုက်" ဖြစ်ပါကြောင်း၊ ငယ်ရွယ်စဉ်တွင် စာအုပ်စာတမ်းများ ထိတွေ့နေ တတ်သည့် ကလေးများသည် စာအုပ်ထဲမှ အသိပညာ ဗဟုသုတများ ရရှိနိုင်သည့် အတွက်ကြောင့် ကျန်သည့်ကလေးများထက် ပိုပြီး ထူးချွန်သည့်၊ အောင်မြင်သည့် လူတော် လူကောင်းလေးများ ဖြစ်နိုင်ပါကြောင်း၊  ထို့ကြောင့်  ယခုတက်ရောက်လာကြသည့် လူကြီး မင်းများ၊ ဌာနဆိုင်ရာအကြီးအကဲပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ အားလုံးက ကလေးများ အတွက် စာအုပ်စာပေဖတ်ရင်း ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် Success Language Academy ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက ပင်လယ်ဓားပြ ပုံပြင်၊ ပညာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရိုးအလွန်းသူများ ပုံပြင်၊ Success Language Academy ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စစ်ပွဲများနှင့် မေတ္တာဇာတ်လမ်းတစ်ပုဒ် ပုံပြင်နှင့် ပညာပန်း တိုင်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပိုနေမြဲကျားနေမြဲ ပုံပြင်များဖြင့် တင်ဆက်ကြပြီး ပန်းပျိုးလက် လူငယ်စင်တာမှ ကျောင်းသား၊ ကျောင်းသူများ က နှလုံးသားလှဖို့ စာဖတ်ကြစို့ အော်ပရာပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ မျက်လှည့်ပြပွဲ၊ သိပ္ပံပညာဆိုင်ရာပြခန်း၊ ပန်းချီကားဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ တို့တွင် ကြည့်ရှုအားပေးသူများဖြင့် ကြိတ်ကြိတ် တိုး စည်ကားလျက်ရှိသည့်အပြင် စာအုပ်အရောင်းဆိုင်များကလည်း ကလေးစာအုပ် များကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment