Saturday, November 5, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်




နေပြည်တော် နိုဝင်ဘာ ၅
ပြန်ကြားရေးဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် ကလေးစာပေပွဲတော် ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက် အားပေးသည်။

ရှေးဦးစွာ ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ မျက်နှာစာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
နိုင်ငံတော်သမ္မတက အမှာစကားပြောကြားတွင် ယခုကဲ့သို့ ကလေးစာပေပွဲတော် ကြီးကို တက်ရောက်ခွင့်ရသည့်အတွက် ကလေးစာပေများ၊ ကလေးကဗျာများနှင့် နီးနီးကပ်ကပ် ကြီးပြင်းခဲ့ရသည့် မိမိအတွက် အလွန်ဝမ်းသာကြည်နူး ဖြစ်မိပါကြောင်း။
အားလုံးသိကြသည့်အတိုင်း စာပေထဲတွင် ကလေးစာပေသည် အခြားစာပေများ ထက် ပို၍ခက်ခဲနက်နဲသည်ဟု ခံစားမိပါကြောင်း၊ လူကြီးစာပေဆိုသည်မှာ နယ်နိမိတ် သတ်မှတ်ချက်နည်းပါးပြီး စိတ်ရှိသလောက် လွတ်လပ်စွာဖန်တီးနိုင်သည်ဟု မိမိအနေဖြင့် မြင်မိပါကြောင်း၊ ကလေးစာပေများမှာ ကလေးများနှင့် ရင်းနှီးသည့်ပတ်ဝန်းကျင်မှ အကြောင်းအရာများကိုသာ စဉ်းစားရပါကြောင်း၊ ကလေးများ၏ အသိဉာဏ်သည် နုနယ်ပြီး စိတ်ကူးယဉ်တတ်ကြသဖြင့် ကလေးများ၏ အတွင်းစိတ်ကို ဝင်ကြည့်ပြီး စိတ်ကူးစိတ်သန်း များနှင့် လိုက်ဖက်ညီအောင် ရေးသားဖန်တီးကြရခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် ကလေးစာပေသည် မိမိတို့၏ ကလေးလူငယ်များကို အပြစ်ကင်းအောင်၊ ပျော်ရွှင်အောင်နှင့် ချစ်စရာအကောင်းဆုံးလူသားများဖြစ်အောင် ဖန်တီးရေးဖွဲ့ကြရသည့် စာပေဖြစ်သည့်အတွက် မိမိတို့အတွက် အလွန်တန်ဖိုးရှိသည်ဟု  ပြောရမည်ဖြစ်ပါကြောင်း၊ ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေးသည်လည်း မိမိတို့အားလုံး အားပေးမြှင့်တင်ပေးရမည့် စာပေအမျိုးအစားတစ်ခုဟု တွေးမြင်ခံစားရပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ပွဲတော်ကြီးကို တက်ရောက်အားပေးဖွင့်လှစ်ပေးရခြင်းဖြစ်ပါ ကြောင်း။
မိမိတို့နိုင်ငံ၏ မြန်မာ့ကျေးလက်ပုံပြင်များ၊ ကျေးလက်ကဗျာများသည် ကလေးစာပေအဖြစ် နှုတ်ပြောစာပေအသွင်ဖြင့် ပေါ်ပေါက်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ငယ်စဉ်က ကြားနာရွတ်ဆိုခဲ့ရသည့် အမေမျှော်တေးများ၊ သားချော့တေး များသည် မိမိတို့ကလေးစာပေသမိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် အလွန်ပင် တန်ဖိုးရှိသည်ဟု ပြောလိုပါကြောင်း၊ အဆိုပါ ကလေးစာပေများမှတစ်ဆင့် မိမိတို့ကို ရိုးသားမှုများ၊ အားမာန်သတ္တိများ၊ နိုင်ငံချစ်စိတ်များ မွေးဖွားပေးခဲ့သည့်အတွက် အနာဂတ် နိုင်ငံတော်၏ သားကောင်းရတနာများကို ကလေးစာပေများ ကလေးစာဖတ်ခန်းများ၊ ကလေးကဗျာများနှင့်အတူ ပြုစုပျိုးထောင်ပေးကြရန် အကြံပြုတိုက်တွန်းလိုပါကြောင်း။ ထို့အပြင် ကလေးများကို ကျောင်းသင်ခန်းစာများအပြင် စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အထများ ပေါ်ပေါက်လာအောင် ကျောင်းပတ်ဝန်းကျင်၊ အိမ်ပတ်ဝန်းကျင်များကို အသိပညာဆည်းပူးနိုင်သည့် ပတ်ဝန်းကျင်ကောင်းများဖြစ်အောင် ဖြည့်ဆည်းဖန်တီးပေး ကြရန်လည်းတိုက်တွန်း ပြောကြားလိုပါကြောင်း။
ယနေ့ပြုလုပ်သည့် ကလေးစာပေပွဲတော်ကြီးသည်အနာဂတ်၏ ခေါင်းဆောင်လောင်း များကို ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန် ကလေးများ၏ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေးများစာပေနှင့် ရင်းနှီးပြီးစာဖတ် ဝါသနာပါလာစေရန်နှင့် ကလေးများပျော်ရွှင်လာစေရန်  ရည်ရွယ်ကျင်းပ သည့် ပွဲတော်ကြီး ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ကူညီကြစေလိုကြောင်း၊ အနာဂတ်နိုင်ငံတော်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမည့် ကလေးစာပေ၊ ကလေးကဗျာ၊ ကလေးစာဖတ်ခန်းများ ဖွံ့ဖြိုးလာစေရန် တတ်နိုင်သည့် ကဏ္ဍအသီးသီးမှနေ၍ အားပေး ကူညီကြစေလိုကြောင်း။
ဝါဆိုဝါခေါင် ရေတွေကြီးလို့ ဆိုသည့် ကဗျာသည် ဘယ်တုန်းကစခဲ့သလဲဆိုလျှင် ၁၉၃၁ ခုနှစ် ဇွန်လတွင် ဒီအဖိုးကဗျာဆရာကြီးက ဗမာပြည်ရှိ ကလေးများ၊ ကျောင်းသူ/ ကျောင်းသားများအတွက် ဟိုးတုန်းက သင်ရိုးတွင် ကလေးကဗျာ ဆိုတာမရှိကြောင်း၊  ပညာဝန်က ကလေးများ ဆိုနိုင်အောင် ကဗျာတွေ သင်ပေးပါ ဆိုသည့် မိန့်ကြားစာ ထွက်လာရာ  အဲဒီအဖိုးက ကွမ်းခြံကုန်းမှာ ကျောင်းဆရာကြီး လုပ်နေချိန်မှာ သင်စရာ ကဗျာ မရှိ၍  အင်္ဂလိပ်ကဗျာလည်း မသင်ချင်သဖြင့်  သူ့ဘာသာ တွေးတောကြံဆပြီး ဒီကဗျာလေးကိုစပ်ခဲ့ခြင်းဖြစ်ကြောင်း၊  သပြေသီးကောက်  ကဗျာနှင့် ဥပုဒ်စောင့် ဆိုသည့် ကဗျာတို့ကို တစ်ရက်တည်းနှင့် ရေးခဲ့ခြင်းဖြစ်ကြောင်း၊  နောက် တစ်ပတ်အတွင်း ကလေးများအတွက် ကဗျာ ၇ ပုဒ် ရေးခဲ့ကြောင်း၊  ပိုးစုန်းကြူး၊ တောက်တဲ့ စသည့် ကဗျာများ ရေးခဲ့ကြောင်း၊  ဝါဆိုဝါခေါင်နှင့် ဆွမ်းအုပ်နီနီအမေရွက်လို့ ကတော့ လူသိများသည့် ကဗျာတွေဖြစ်ကြောင်း။
နောက်တစ်ခုပြောချင်သည်မှာ လယ်စောင့်တဲဆိုတဲ့ ကဗျာလေးသည် အဖိုးမင်း သုဝဏ် နိုင်ငံခြားတွင်  စာသွားသင်သည့်အချိန် ၁၉၃၆ ခုနှစ်မှ  ၁၉၃၉ ခုနှစ်ထိ နေခဲ့စဉ်  နိုင်ငံခြားမှာ၊ ရေခြား မြေခြားမှာ၊ စာပေသွားသင်သည့်အချိန်မှာ ပတ်ဝန်းကျင်ကို လေ့လာပြီး  ကလေးတွေ ပတ်ဝန်းကျင်မှာ ရှိတာ၊ ကလေးများနှင့် နီးစပ်တာကို သူစဉ်းစားကြောင်း၊ အဖိုးမင်းသုဝဏ်က ကျေးလက်တောတောင်မှာ ကြီးပြင်းခဲ့သူမို့ ကျေးလက်သဘာဝကိုသတိရကြောင်း၊ မြန်မာပြည်ကို သတိရကြောင်း၊ ထို့ကြောင့် လယ်စောင့်တဲလေးဆိုသည့် ကဗျာလေးမှာ လွန်ခဲ့သော နှစ် ၈၀ က စပ်ခဲ့သည့် ကဗျာဖြစ်ကြောင်း၊  ဖတ်ရတာလည်းလွယ် ကြောင်း၊  အရင်တုန်းက ကျောင်းဖတ်စာတွေမှာ လည်း ပါခဲ့ကြောင်း၊  တစ်ချိန်မှာတော့ အကြောင်းကြောင်းကြောင့် အဖိုး၏  ကဗျာများသည် ကျောင်းဖတ်စာတွေထဲမှ ပျောက်သွားကြောင်း၊  ထုတ်ပယ်ခြင်းကို ခံခဲ့ရကြောင်း၊ ယင်းကဗျာများသည် နောက်ပိုင်း ပြန်ပေါ်လာသည်ကို  သားတို့ သမီးတို့ကို သိစေချင် ကြောင်း။
နောက်တစ်ခုပြောချင်သည်မှာ အဖိုးကကဗျာဆရာဆိုတော့ သားတို့ သမီးတို့ကို ကဗျာစပ်တတ်စေချင်သဖြင့် ရှေးတုန်းက ကလေးဂျာနယ်ဆိုတာရှိကြောင်း  ကလေးများ ကဗျာစပ်တတ်အောင် ဘယ်လို ကဗျာစပ်မည်ဆိုသည်ကို  အခန်းဆက် ရေးခဲ့ကြောင်း၊ ကလေးများ ကဗျာလည်း စပ်တတ်စေချင်ကြောင်း၊   ငှက်တွေ အကြောင်းသိစေချင် ကြောင်း၊ သဘာဝအကြောင်းလည်းသိစေချင်ကြောင်း၊ အများကြီးလုပ်ခဲ့ကြောင်း၊  မိုးရာသီ ကုန် လို့ ဆောင်းဦးပေါက်လာပြီဆိုလျှင် ည အိမ်မှာမိုးကောင်းကင်မော့ကြည့်လိုက်ရင် လမင်းကြီးနှင့်  ကြယ်တွေ အမျိုးမျိုးတွေ့နိုင်ကြောင်း၊  ရိုးရိုးကြည့်ရင်တော့ ကြယ်တွေပဲ ဖြစ်ကြောင်း၊ ဒါပေမယ့် ကြယ်တွေဟာ ဘယ်လိုအဓိပ္ပာယ် ရှိသည်၊  ကြယ်တွေကို ဘယ်လိုနာမည်ပေးထားသည်၊  ဒီကြယ်တွေကိုအလေးထားပြီးဘယ်လိုခရီးသွားသည် ဆိုသည့် အကြောင်းတွေလည်းသိစေချင်လို့ ဖိုးဖိုးက မိုးပေါ်မှာ ကြယ်တစ်လုံးဆိုတဲ့ စာအုပ်လည်းရေးခဲ့ကြောင်း၊  ဒါကလည်းကလေးတွေအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊  ပုံပြင်တွေ ဆိုရင်လည်းဖိုးဖိုးကြီးကအများကြီးရေးခဲ့ကြောင်း၊   ဖိုးဖိုးက ၁၉၀၉ ခုနှစ်မှာမွေးပြီး  ၂၀၀၅ ခုနှစ်မှာဆုံးကြောင်း၊  အသက် ၉၆ နှစ်အ ထိနေသွားကြောင်း၊  အဲဒီကာလအတွင်း ကလေးပုံပြင် ၄၀၀ ကျော် ရေးသွားကြောင်း၊ နောက်ဆုံးစာရေးနိုင်သည့် အချိန်အထိ  ကလေးကဗျာ၊ ကလေးပုံပြင်တွေ၊ ငှက်အကြောင်းတွေ ရေးသွားကြောင်း၊
သားတို့၊ သမီးတို့ကို သိစေချင်သည်မှာ ကလေးစာပေကို တစ်ချိန်တုန်းက အခု မရှိတော့ပေမယ့် ဒီဖိုးဖိုးဟာ သားတို့ သမီးတို့ကိုဘယ်လောက်ချစ်သည်၊  သားတို့ သမီးတို့ ကို ဘယ်လောက် တန်ဖိုးထားသည်ဆိုတာကိုသိစေချင်လို့ ပြောပြခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာနအတွင်း ခင်းကျင်းပြသထားသည့် ကလေးစာပေပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ ကို လှည့်လည်ကြည့်ရှုအားပေးပြီး လာရောက်ကြည့်ရှုသည့် ကျောင်းသား၊ ကျောင်းသူ များကို အမှတ်တရစာအုပ်များ ပေးအပ်သည်။
            ကလေးစာပေပွဲတော်သို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင် ရာအကြီး အကဲများ၊ ပညာရေးဌာနမှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။   (သတင်းစဉ်)
           

No comments:

Post a Comment