Saturday, November 5, 2016

(၉၆)နှစ်မြောက် အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ





နေပြည်တော် နိုဝင်ဘာလ ၅ရက်

၂၀၁၆ခုနှစ်၊ (၉၆)နှစ်မြောက် အမျိုးသားနေ့ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့ နေ့လယ် မွန်းလွဲ ၁နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့  (၉၆)နှစ်မြောက် အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားနေ့ကျင်းပရေး ဗဟို ကော်မတီဝင်များဖြစ်ကြသော၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဆွေးနွေးမှာကြားရာတွင် ၂၀၁၆ခုနှစ်၊ (၉၆)နှစ် မြောက် အမျိုးသားနေ့ကို ဦးတည်ချက်များ ဆွေးနွေးပြုစု၍ စီမံချက်နှင့်အညီ စနစ်တကျ ကျင်းပ မည်ဖြစ်ကြောင်း၊ အမျိုးသားနေ့ကို ဂုဏ်ပြုသော အားဖြင့် မြို့နယ်အလိုက် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုင်းရင်းသား အားလုံးဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် လိုအပ်သော နိုင်ငံ့သားကောင်း အရည်အသွေးများ ပြည့်ဝလာအောင် လှုံ့ဆော်စည်းရုံး ဆောင်ရွက်ရန်တို့ကို ဆွေးနွေးသည်။
ထို့နောက် ၂၀၁၅ခုနှစ်၊ (၉၅)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနား ကျင်းပပြီးစီးမှု အစီရင်ခံစာကို ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ကိုယ်စား ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကလည်းကောင်း၊ ၂၀၁၆ခုနှစ်၊ (၉၆)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနား ကျင်းပရေး စီမံချက်ကို ဗဟိုကော်မတီ အတွင်းရေးမှူး ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်း ကလည်းကောင်း ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက် လာကြသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျင်းပရေးစီမံချက် ပါလုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ မိမိတို့ ဆပ်ကော်မတီ အလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြ သည်။
ယင်းနောက် အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဆွေးနွေး တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

No comments:

Post a Comment