Wednesday, November 2, 2016

(၂၇)ကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ လွိုင်ကော်မြို့၌ ပြုလုပ်




လွိုင်ကော် နိုဝင်ဘာ ၂
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ဌာနဆိုင်ရာပေါင်းစုံဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖ အလှူရှင် ပြည်သူများ၏ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို  နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက်(၉) နာရီအချိန်က လွိုင်ကော်မြို့ ၊ သာသနာ့ ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့် ဒုတိယဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ကြသည်။




ရှေးဦးစွာ အခမ်းအနားကို ‘’ နမောတဿ ‘’ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသေဌိလာ ဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
 ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ နာယူပြီး ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။  
 ဆက်လက်ပြီး ကထိန်လျာသင်္ကန်းနှင့် လှူဘွယ်ဝတ္တုပစ္စည်းများကို ဆရာတော် သံဃာတော်တို့အား ဆက်ကပ် လှူဒါန်းကြသည်။
 ဆက်လက်၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသေဌိလာ ဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ ရေစက်သွန်းချ အနုမောဒနာ တရားတော်ကိုနာယူခဲ့ကြပြီး အခမ်းအနားကို (ဗုဒ္ဓ သာသနံ စိရံ တိဌတု ) သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဆုတောင်းပြီး ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment