Wednesday, November 2, 2016

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားနိုင်

နေပြည်တော် နိုဝင်ဘာ ၂

လာမည့် ၂၀၁၇ ခုနှစ် ဧပြီလတွင် လစ်လပ် မဲဆန္ဒနယ်များ အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပ သွားမည်ဖြစ် ရာ စောင့်ကြည့် လေ့လာ လိုသည့် ပြည်တွင်းနှင့် နိုင်ငံ တကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူများသည် ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာ ခွင့်ကို ယနေ့မှ စ၍
၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်အထိ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထား နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ ၁၀၀၀၀ ကျော်နှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ ၁၀၀၀ ကျော် ရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်မှ သိရှိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် လစ်လပ် မဲဆန္ဒနယ်များကို ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်တွင် လည်းကောင်း၊ ကြားဖြတ် ရွေးကောက်ပွဲ အတွက် လျာထား လုပ်ငန်းစဉ် အချိန်စာရင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် လည်းကောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးဖြစ်သည်။

ထို့ပြင် လွှတ်တော်ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာ ရာတွင် ပြည်တွင်း စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့် ကြော်ငြာစာ အမှတ်၊ (၁/၂၀၁၆) ဖြင့် လည်းကောင်း၊ နိုင်ငံ တကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူများ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များအား အမိန့်ကြော်ငြာစာ အမှတ်၊ (၂/၂၀၁၆) ဖြင့် လည်းကောင်း ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရှိရပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ official website ဖြစ်သည့် http://uecmyanmar.org/ တွင်လည်း ဝင်ရောက် ကြည့်ရှု နိုင်ကြောင်းနှင့် Download ရယူ နိုင်ကြောင်း သိရသည်။

No comments:

Post a Comment