Thursday, November 10, 2016

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဖွင့်

နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု ၊ ငန်းစပ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ ဆိုင်ကယ်ပြုပြင်ရေး သင်တန်းအမှတ်စဉ် (၇/၂၀၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင်  ဇလောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့် မှ သင်တန်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  မြို့နယ်ဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးအောင်မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင်  ငန်းစပ်ကျေးရွာအတွင်းရှိ သင်တန်းသား (၂၀)ဦး တက်ရောက်၍ သင်တန်း ကာလမှာ (၁၀)ရက် ကြာမြင့်မည်ဖြစ်ကာ သင်တန်းတွင် သင်တန်းဆရာများက  ဆိုင်ကယ်၏အခြေခံ သဘော တရားများ၊ အင်ဂျင်ရှေ့ခြမ်း၊ နောက်ခြမ်းလှပ်ခြင်းဆိုင်ရာပညာရပ်များ၊ ကလပ်အုံပိုင်း နှင့် ဝါယာရိန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို သင်ကြားပို့ချပေးမည် ဖြစ်သည်။
အခမ်းအနားသို့ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမြင့် ၊  မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဦးပြည့်ဖြိုးအောင် နှင့် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဝန်ထမ်းများ ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန မှ ဒုတိယ ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရာအိမ်မှူးများနှင့် ကျေးရွာမှရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment