Tuesday, November 1, 2016

ရာသီချိန်ခါမရွေး စိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်စေရန် ဆည်မြောင်းများ အဆင့်မြှင့်တင် တူးဖော်လျက်ရှိ

ဝါးခယ်မ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၀ါးခယ်မမြို့နယ် ကြာဖြူကျေးရွာအုပ်စုနှင့် သဲကုန်းကျေးရွာရှိ ဒေသခံ တောင်သူလယ်သမားများ ရာသီအချိန်အခါမရွေး စိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်စေရန် ဆည်မြောင်းများ အဆင့်မြှင့်တင် တူးဖော်မှုကို နိုဝင်ဘာ ၁ ရက် နံနက်က ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၀ါးခယ်မမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ( မြို့ပြ ) ဦးတိုးတိုး၊ လုပ်ငန်းကြီးကြပ်ရေးမှူး ဦးဝင်းရွှေနှင့် ၀န်ထမ်းများက ကြီးကြပ်ပြီး ကြာဖြူကျေးရွာအုပ်စုရှိ အရှည် ၁ ဒသမ ၂ မိုင်ရှိ ရွှေလောင်းကျွန်းတာ S1 – 14 မြောင်း၊ အရှည် ၁ ဒသမ ၂ မိုင်ရှိ ရွှေလောင်းကျွန်းတာ S1 – 12 မြောင်း၊ အရှည် ၁ ဒသမ ၂ မိုင်ရှိ သဲကုန်း - ကြာဖြူ ဆက်သွယ်ရေးမြောင်းတို့အား အကျယ် ၁၈ ပေ၊ ပျမ်းမျှအနက် ၆ ပေဖြင့် အဆင့်မြှင့်တင် တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ စိုက်ပျိုးသီးနှံအတွက် ရေရရှိမှုကို ဆည်မြောင်းများ အဆင့်မြှင့်တင် တူးဖော်ပေးလျက်ရှိပြီး လုပ်ငန်းများ ပြီးစီးသွားပါက ကြာဖြူကျေးရွာအုပ်စုနှင့် သဲကုန်းကျေးရွာတို့မှ တောင်သူလယ်သမားများ၏ စိုက်ပျိုးဧက ၅၀၀ ကျော် အတွက် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးသီးနှံများကို စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း ကြာဖြူကျေးရွာမှ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လွှမ်းသီဟ (ဝါးခယ်မ)

No comments:

Post a Comment