Thursday, November 10, 2016

(၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ် တင်းနစ်ပြိုင်ပွဲ ကျင်းပ

ဘားအံ နိုဝင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်တိုင်းရင်းသားလူမျိုးတို့၏ နေ့ထူးနေ့မြတ်ပွဲတော်ဖြစ်သည့် (၆၁) နှစ် မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် (၆၁)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲကို ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ ဇွဲကပင်လမ်းရှိ မြို့မတင်းနစ်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲတွင် ဆွစ်ဇာလန်နိုင်ငံသား Mr. Mark ၊ အိန္ဒိယနိုင်ငံသား Mr.Hurt တို့အပါအ၀င် မွန်ပြည်နယ်မှ Custom တင်းနစ်ကလပ်၊ ဘားအံမြို့မှ မြို့မတင်းနစ်ကလပ်၊ မြ၀တီမြို့မှ မြ၀တီတင်းနစ်ကလပ်များမှ တင်းနစ် အားကစားသမား ၃၆ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ကြီးတန်းနှင့် အလွတ်တန်းဟူ၍ ပြိုင်ပွဲကို နှစ်မျိုးခွဲ ကျင်းပခဲ့ပြီး သက်ကြီးတန်းပြိုင်ပွဲတွင် အားကစားသမား(၈)ဦး၊ အလွတ်တန်းပြိုင်ပွဲတွင် အားကစားသမား(၂၈)ဦး ၀င်ရောက် ယှဉ်ပြိုင်ကြသည်။
ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကျင်းပရာ သက်ကြီးတန်း နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု ဦးမြင့်အောင်နှင့်ဦးသန်းကျော်၊ ဒုတိယဆု ဦးစောဂေးဘတ်ကြီးနှင့် ဦးတင်ငွေ၊ ပူးတွဲ တတိယဆုကို ဦးအောင်ကြိုင်နှင့်ဦးသန်းဇော်၊ Dr.မြင့်စိုးနှင့် ဦးထွန်းကြိုင်အတွဲတို့က ရရှိခဲ့ပြီး အလွတ်တန်း နှစ်ယောက် တွဲပြိုင်ပွဲတွင် ပထမဆု ကိုသီဟနှင့်ကိုခင်ရွှေ၊ ဒုတိယဆု ကိုမော်လေးနှင့်ကိုဝင်းထွန်း၊ တတိယဆု ကိုအောင်ဇော်မိုးနှင့် ကိုဝင်းနိုင်ဦးအတွဲတို့က ဆုများအသီးသီးရရှိခဲ့ပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment