Tuesday, November 1, 2016

ကျေးရွာသုံးထင်းစိုက်ခင်းများမှ ထွက်ရှိသည့် ထင်း၊ မျောတိုင်များအား ကျေးရွာပြည်သူများသို့ အခမဲ့ဖြန့်ဝေ

ပျော်ဘွယ် နိုဝင်ဘာ ၁
မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် ဒေသစိမ်းလန်း စိုပြည်ရေးနှင့် ဒေသခံပြည်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ရရှိစေရန်အတွက် ကျေးရွာသုံး ထင်းစိုက်ခင်းများ ထူထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာ အသုံးချရေးတို့ကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ပျော်ဘွယ်မြို့၊ ဗောဓိကုန်းကျေးရွာအုပ်စု၊ ကြက်ဖြူကုန်းကျေးရွာအနီးရှိ ကျေးရွာသုံးထင်း စိုက်ခင်းမှထွက်ရှိသည့် ထင်း၊ မျော၊ တိုင်များအား ကြက်ဖြူကုန်း ကျေးရွာရှိပြည်သူများသို့လွှဲပြောင်းပေးအပ်သည်။


''ဒေသခံပြည်သူတွေရဲ့ အိမ်ယာထူထောင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသက် မွေးဝမ်းကြောင်း လုပ်ငန်းတွေမှာ အသုံးပြုဖို့လိုအပ်နေတဲ့ ထင်း၊ မီးသွေး၊ သစ်၊ မျော၊ တိုင်များ လွယ်ကူစွာ ရရှိနိုင်ဖို့အတွက် ကျေးရွာသုံး ထင်းစိုက်ခင်းတွေ ထူထောင်ပြီး (၅)နှစ်ပြည့်ပြီးတဲ့ စိုက်ခင်းများက ထွက်ရှိတဲ့ ထင်း၊ မျောတိုင်တွေကို နီးစပ်ရာကျေးရွာရှိ အိမ်ထောင်စုများအား အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်''ဟု မြို့နယ်ဦးစီးမှူး ဦးအုန်းလွင် က ပြောသည်။

ပျော်ဘွယ်မြို့နယ်၊ ကြက်ဖြူကုန်းကျေးရွာအနီးရှိ ၁/၂၀၀၉ ကျေးရွာသုံးထင်းစိုက်ခင်းဧက(၂၀၀)မှ ထွက်ရှိသည့် ထင်း၊ မျောတိုင် စုစုပေါင်းတန်(၃၀)ကျော်ကို ကြက်ဖြူကုန်းကျေးရွာရှိ အိမ်ထောင်စု(၂၄၁)စု အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီးအရွယ်ရောက်သည့် ကျေးရွာသုံးထင်းစိုက်ခင်းများအား ဆက်လက်လွှဲပြောင်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မင်းမင်းထွေး(ပျော်ဘွယ်-ပြန်/ဆက်)

No comments:

Post a Comment