Saturday, November 19, 2016

ရခိုင်ပြည်နယ်တွင် လူမှုကာကွယ်ရေး လုပ်ငန်းနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်လျက်ရှိ




နေပြည်တော် နိုဝင်ဘာ ၁၉
လူမှုကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့များကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအစည်း အဝေးတွင် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တည်ငြိမ်အေးချမ်းမှုက အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ် မောင်တော ဒေသတွင် လတ်တလော ဖြစ်ပေါ်နေသောအ ခြေနေများနှင့် ပတ်သက်ပြီး အလျင်အမြန်တုန့်ပြန် ဆောင်ရွက်နေကြောင်း၊ ကြုံတွေ့ ခံစားနေရသော အခက်အခဲကို မကြီးထွားစေဘဲ သတိ ကြီးစွာဖြင့် ဆောင်ရွက်ကြရန်နှင့် လတ်တလော လိုအပ်နေသော စားဝတ်နေရေး အခက်အခဲများကို ဖြည့်တင်းပေးနိုင်ရန် အရေးကြီးကြောင်း၊ လက်လှမ်းမမီသောဒေသ များသို့ မည်ကဲ့သို့ထောက်ပံ့ပေးနိုင်မည်ကို အဖွဲ့ပေါင်းစုံက ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ မူလဆောင်ရွက်နေသော လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ထိခိုက်မှုမရှိအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရသော အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ရခိုင်ပြည်နယ်လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၇၀၀)၊ မောင်တောဒေသမီး စက်များ မောင်းနှင်ရန်အတွက် စက်သုံးဆီဘိုး (၂၃၈၂၀၃၀၀)ကျပ်နှင့် မာန်အောင်မြို့နယ် အတွင်းတည်ဆောက်မည့် မုန်တိုင်းဒဏ်ခံ အဆောက်အဦ နှစ်လုံးအတွက် (၂၅၉၁၆၀၀၀၀) ကျပ်တို့ကို ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

No comments:

Post a Comment