Sunday, November 20, 2016

သိန္နီမြို့နယ် နမ့်မတူ တံတားပေါ်တွင် ပါဂျဲရိုးယာဉ် တစ်စီး ပေါက်ကွဲမှု ဖြစ်ပွား



နိုဝင်ဘာ ၂၀၊ ၂၀၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ နမ့်မတူတံတားပေါ်တွင်  ယနေ့နံနက်ပိုင်းက ပါဂျဲရိုးယာဉ်တစ်စီး ပေါက်ကွဲမှု ဖြစ်ပွားကာ ပြည်သူ(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး တံတားအနည်းငယ်ထိခိုက် ပျက်စီး ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန် ထားသည်။

သိန္နီမြို့နယ်ရှိ နမ့်မတူ ချောင်းကူးသံကူကွန်ကရစ်တံတားပေါ်တွင် ယနေ့ နံနက် ၁၀ နာရီ ခွဲခန့်က ကွတ်ခိုင်ဘက်မှ ထွက်ခွာလာသော အစိမ်းရင့်ရောင် ပါဂျဲရိုးယာဉ်တစ်စီး ရောက်ရှိရပ်တန့်ခဲ့သဖြင့် တံတားလုံခြုံရေးအဖွဲ့မှ ရပ်တန့်ခြင်း မပြုရန် ပြောဆိုစဉ် ယာဉ်မောင်းအမျိုးသားသည် ကားပေါ်မှ အထုတ်တစ်ထုတ် ကျကျန်ခဲ့၍ သွားယူမည်ဟု ပြောဆိုပြီး တံတားပေါ်၌ ယာဉ်ကို ရပ်တန့်ခဲ့ကာ တံတား၏အနောက်ဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ၄င်းထွက်ပြေးသွားစဉ် ရပ်တန့်ထားခဲ့သည့် ယာဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ချောင်းအတွင်းသို့ ပြုတ်ကျ သွားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် တံတားပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိ သည့် သိန္နီမြို့နယ်၊ ကောင်းဟော်ကျေးရွာနေ ဦးထွန်းအေးမှာ စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး သိန္နီမြို့နေ မနန်းတင်မျိုးခိုင်နှင့် မောင်ဇွဲထက်ကိုတို့မှာ မစိုးရိမ်ရဒဏ်ရာ များ ရရှိခဲ့ကြသဖြင့် သိန္နီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း၊ ယာဉ်ပေါက်ကွဲမှုနှင့် ချောင်းအတွင်း ပြုတ်ကျမှုကြောင့် တံတားကြမ်းခင်းတွင် အကျယ် ၆ ပေ အရှည် ၁၀ ပေခန့် ပေါက်ထွက်ခဲ့ပြီး တံတားညာဘက်လက်ရန်း ပေ ၁၀၀ ခန့်နှင့် ဝဲဘက်လက်ရန်းတွင် ပေ ၇၀ ခန့်စီ ကျိုးပဲ့ပျက်စီးခဲ့ကြောင်း ထုတ် ပြန်ထားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် သိန္နီမြို့နယ် ၊ မန်ချက်ကျေးရွာနေ အိုက်အော (ခ) အောင်ဇေယျ (ဘ) ဦးလအိုက်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)

No comments:

Post a Comment