Monday, November 28, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၈
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ တွင် လွှတ်တော်ကိုယ်စားလှယ် များက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍ ဆိုင်ရာ မေးခွန်း ၇ ခုမေးမြန်းပြီး စိုက်ပျိုးစရိတ်ထုတ် ချေးခြင်းဆိုင်ရာ အဆို ၁ ခု တင်သွင်း သည်။

လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၏ လဟယ်မြို့နယ် တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာတစ်လျှောက်ရှိ လယ်မြေများပြန်လည်ဖော်ထုတ်ခြင်း၊ အသစ်ဖော်ထုတ်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်  စက်ယန္တရားများ၊ နည်းပညာရှင်များနှင့် လိုအပ်သောရန်ပုံ ငွေ ပံ့ပိုးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တိုက်ယံကျေးရွာ နှင့် အံပေါ်ကျေးရွာများတွင် လယ်ယာမြေဖော်ထုတ်မည်ဆိုပါက အဓိကအားဖြင့် လှေခါး ထစ်ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ရမည့် အခြေအနေဖြစ်ပါကြောင်း။
လှေကားထစ်ကုန်းမြင့်လယ်ယာ ဖော်ထုတ်ခြင်းလုပ်ငန်းကို ဒေသလိုအပ်ချက်နှင့် လျော်ညီစွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဌာနမှ နည်းပညာနှင့် အကောင်အထည်ဖော်မှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာများတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ လှေကားထစ်ကုန်းမြင့် လယ်ယာ မြေဖော်ထုတ်ခြင်းကို စီမံချက်ချမှတ် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ချိန်တွင် စက်မှု လယ်ယာ ဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး ဖော်ထုတ်မည့်ဧရိယာများကို တည် နေရာအလိုက် စူးစမ်းလေ့လားခြင်းမှစ၍ နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပြီး ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ကျောက်ဆည် ကျေးရွာအနီးရှိ ကျောက်ဆည်ကန်၏ သဲနုန်းများ တူး ဖော်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျောက်ဆည်ကန်သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ယခင်အစိုးရလက်ထက် တွင် စီမံဆောင်ရွက်ခဲ့သော်လည်း ရန်ပုံငွေမရရှိခြင်း၊ ကန်ရေ၀ပ်ဧရိယာအတွင်းရှိ လယ်မြေ ၁၄၂၁ ဧကတွင် စိုက်ပျိုးလျက်ရှိသော လယ်သမားများက သဘောတူညီ မှုမရှိခြင်းတို့ကြောင့် လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း။
ကျောက်ဆည်ကန်သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ကန်ရေ၀ပ်ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဒေသခံ လယ်သမားများနှင့် သဘောတူညီမှုရရှိနိုင်ရန် ဦးစွာညှိနှိုင်းဆွေးနွေးရမည်ဖြစ်ပြီး သဘော တူညီမှုရရှိပြီးမှသာ လုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်း သည် လုပ်ငန်းပမာဏကြီးမားပြီး ရန်ပုံငွေလိုအပ်ချက် များပြားသောကြောင့်  ဘဏ္ဍာနှစ် အပိုင်းအခြားအလိုက် လိုအပ်ရန်ပုံငွေကို တင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှုအပေါ် အခြေခံ၍ ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့အတူ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်း ငေါင်းဆိုင်ဟိန်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မဘိမ်းမဲဆန္ဒနယ်မှ ဦးအောင်မြင့်ရှိန်နှင့် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းတို့၏ လယ်ယာစိုက်ပျိုး ရေးကဏ္ဍဆိုင်ရာ မေးခွန်းများကို လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းဖြေကြားခဲ့သည်။
ယနေ့အစည်းအဝေးတွင် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာတွင် ကျေးရွာဘဏ် ကော်မတီများကို စနစ်တကျဖွဲ့စည်း၍ ကျေးရွာအရောက် သွားရောက်ချေးပေးသော ပုံစံပြောင်းလဲဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။
အဆိုတင်သွင်းစဉ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က တောင်သူများစိုက်ပျိုးစရိတ် ချေးငွေ အချိန်မီလျင်မြန်လွယ်ကူစွာ ချေးယူရရှိစေရန်နှင့် ချေးငွေထုတ်ယူရာတွင် ကုန်ကျ သည့်စရိတ် သက်သာစေရန်အတွက် တင်သွင်းရခြင်း ဖြစ်ကြောင်း၊ တောင်သူများကိုယ် တိုင် လာရောက်ထုတ်ချေးရသည့်အခါ ရွာမှ မြို့အထိ တက်လာရသည့်အတွက် အချိန်ကုန်လူပင်ပန်းကြပါကြောင်း၊ ပြည်မြို့နယ်ရှိ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဧရိယာသည် ကျဉ်းသည့်အတွက် တောင်သူများသည် လမ်းဘေးပလက်ဖောင်းနှင့် လမ်းမများပေါ်တွင် တစ်နေကုန်စောင့်ဆိုင်းကြ ရပါကြောင်း၊ ခရီးစရိတ်၊ စားစရိတ် အပိုငွေကြေးများကုန်ကျရ ကြောင်း ထည့်သွင်းတင်ပြခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိအတည်ပြု၍ ပေးပို့လာ သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီက တင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အသိပေး ကြေညာသည်။
(ကျော်သူထက်-သတင်းစဉ်)

No comments:

Post a Comment