Saturday, November 5, 2016

ခင်ဦးမြို့နယ်၌ တရားမ၀င်သယ်ဆောင်လာသော နွား(၃၇)ကောင် ဖမ်းမိ

ခင်ဦး နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျွဲ၊ နွား ၀ယ်ယူ သယ်ဆောင်ခွင့် ကိစ္စရပ်များအား သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် နယ်နိမိတ်ပြင်ပသို့ တရားမ၀င် နည်းလမ်း အမျိုးမျိုးဖြင့် ခိုးထုတ်သယ်ဆောင်မှုများအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိရာ
နိုဝင်ဘာလ ၄ ရက်နေ့ ၁ နာရီက ဒုရဲအုပ် ကျော်ဇင်ဦး (နယ်ထိန်းတာဝန်ခံ) ဦးစီးအဖွဲ့ တာဝန်ထမ်းဆောင်နေစဉ် တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးချက်အရ လောင်ရှည်ကျေးရွာအနီးတွင် တရား မ၀င်သယ်ဆောင်လာသော နွား (၃၇) ကောင် ကိုဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ တယ်ဘိုပင် ကျေးရွာနေ မောင်ပွ (၃၂)နှစ်၊ (ဘ) ဦးအောင်မောင်းနှင့် ကျောက်ခဲ (၃၅) နှစ်၊ (ဘ) ဦးညွန့်မောင်တို့ နှစ်ဦးသည် နွားအကြီးအသေးရောရာ နွားထီး (၉) ကောင်၊ နွားမ (၂၈) ကောင်ကို ညောင်ကန်ကျေးရွာမှ ရွှေဘိုမြို့၊ ဘူတာရုံအနီး သားသတ်ရုံသို့ အခကြေးငွေကျပ် (၁၃၀၀၀) ဖြင့် မောင်းနှင် လာရာ  မြို့နယ်ကျော် သယ်ဆောင်သွားလာခွင့် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မရှိပဲ တရားမ၀င် သယ်ဆောင်သွားလာကြောင်း စစ်ဆေးသိရှိရပြီး ခဏအကြာ တယ်ဘိုပင်ကျေးရွာနေ မျိုးဝင်း (၃၀) နှစ်၊ (ဘ) ဦးစန်းမြင့်နှင့် မြကန်သာရပ်နေ သိန်းသန်းဝင်း (၂၈) နှစ်၊ (ဘ) ဦးခင်မောင်ရင် တို့နှစ်ဦး ရောက်ရှိလာပြီး ၄င်းတို့မှ ပိုင်ရှင်များဖြစ်ကြောင်း ညောင်ကန်ကျေးရွာမှ ငွေကျပ်သိန်း (၁၀၀) ဖြင့် နွား (၃၇) ကောင်ကို ၀ယ်ယူခဲ့ကြောင်း သိရသဖြင့် ၄င်းတို့ (၄) ဦးအား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

ခင်ဦး (ပြန်/ဆက်)

No comments:

Post a Comment