Tuesday, November 29, 2016

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွန်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဖရူဆို၊ နိုဝင်ဘာ  ၂၈
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ထီးပေါ်ဆိုကျေးရွာလူငယ်ဓမ္မာရုံ၌ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွန်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းက သင်တန်းပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် မီးသတ် တပ်ဖွဲ့၏ လုပ်ငန်းစဉ် အကျဉ်းချုပ်ကိုလည်းကောင်း၊ ဖရူဆိုမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူးရဲမှူးကြည်ဝင်းက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားသွားသည်။ ဆက်လက်၍ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဝတ်စုံများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဝင်းတို့က ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းသို့ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စုမှ ဒေသခံအရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက်မည် ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ တစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ အခြေခံစစ်ပညာသင်တန်း၊ မီးငြိမ်းသတ်ရေးနှင့်သက်ဆိုင်သော သင်ခန်းစာများအား မီးသတ် တပ်ကြပ်ကြီး စောမင်းထွန်းနှင့် တပ်သားမျိုးဝင်းသက်တို့က စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(ဖရူဆို၊ ပြန်/ဆက်)

No comments:

Post a Comment