Wednesday, November 9, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ ဥရောပသမဂ္ဂ စစ်ဘက်ကောင်စီ အစည်းအဝေးသို့ တက်ရောက်


နေပြည်တော် နိုဝင်ဘာ ၉

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိ နေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ နံနက်ပိုင်းက ဥရောပသမဂ္ဂ စစ်ဘက်ကောင်စီ အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားပြီး ညနေပိုင်းတွင် Political and Security Committee မှ တောင်းဆိုချက်အရ ဥရောပကောင်စီ Oustus Cipsius Building ရှိ အစည်းအဝေး ခန်းမ၌ ဥရောပ သမဂ္ဂနိုင်ငံရေးနှင့် လုံခြုံရေး ကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။

           
ထိုသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က Political and Security Committee မှ Chairman Mr. Walter Steven မှ နိုင်ငံရေးနှင့် လုံခြုံရေးကော်မတီ အဖွဲ့ဝင်များအား မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပေါ် ဥရောပ ကောင်စီ၏ အမြင်များနှင့် ပတ်သက်၍လည်းကောင်း၊ လက်ရှိနိုင်ငံရေးနှင့် လုံခြံရေး ဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။
           
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ညနေပိုင်းတွင် ဘရပ်ဆဲလ်မြို့မှ Antwerp မြို့သို့ သွားရောက်လေ့လာပြီး Antwerp မြို့ရှိ ထင်ရှားသော Cathedral of Our Lady ဘုရားကျောင်းနှင့် မြို့တော်ခန်းမ၊ ပြည်သူ့ရင်ပြင်တို့အား လေ့လာကြည့်ရှုပြီး မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာရာ ဘရပ်ဆဲလ်မြို့သို့ ဒေသစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်တွင် ပြန်လည်ရောက်ရှိကြသည်။
           
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဘရပ်ဆဲလ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ အီတလီနိုင်ငံ ဗင်းနစ်မြို့သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြပြီး လေဆိပ်၌ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
           
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အီတလီနိုင်ငံ ခရီးစဉ်သည် အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ် တစ်ခုဖြစ်ပြီး အီတလီနိုင်ငံရှိ စက်မှုလုပ်ငန်းများ လေ့လာရန်နှင့် အီတလီတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် စစ်ဘက် ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)

No comments:

Post a Comment