Wednesday, November 9, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားသို့ တက်ရောက်


နေပြည်တော် နိုဝင်ဘာ ၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅မိနစ်တွင် ရောက်ရှိရာ လေဆိပ်၌ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Mr. Somkid Jatusripitak၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်နှင့် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

           
နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ထိုင်းဘုရင့်နန်းတော် Grand Palace သို့ ရောက်ရှိရာ Grand Palace အကြီးအကဲ Dr. Chirayu Isarang Kun Na Ayuthaya၊ သံတမန်ရေးရာ အကြီးအကဲနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် နတ်ရွာစံသွားသည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်ရှ်အတွက် လွမ်းသူ့ပန်းခွေချသည်။
           
ထို့နောက် နိုင်ငံတော်သမ္မတသည် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ၀မ်းနည်းကြောင်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။
           
နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး အသစ် တည်ဆောက်လျက်ရှိသည့် သံရုံး အဆောက်အဦအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။
           
ဆက်လက်၍ သံရုံးဝန်ထမ်းများ၊ သံရုံးမိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားပြီး မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားနေကြသည့် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
           
ယင်းနောက် ဘန်ကောက်မြို့ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပြတိုက် (Anti-Corruption Museum) သို့ ရောက်ရှိပြီး Museum အတွင်း လှည့်လည် ကြည့်ရှုလေ့လာသည်။
             
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ညနေပိုင်းတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ ပြန်လည်ထွက်ခွာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညပိုင်းတွင်ပြန်လည် ရောက်ရှိကြရာ လေဆိပ်၌ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ထိုင်းနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Chainarong Keratiyutwon နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။


(သတင်းစဉ်)

No comments:

Post a Comment