Tuesday, November 22, 2016

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၂
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ ရွှေရတုခန်းမ၌ စိုက်ပျိုးထုတ်လုပ်သူများ ကုန်သည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရှေးဦးစွာ အောင်လံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အောင်လံမြို့နယ် အတွင်း နှမ်းစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကိုလည်းကောင်း၊ နှမ်းစိုက် တောင်သူများက စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေး၊ ခေတ်မီ စိုက်ပျိုးနည်းပညာ ရရှိရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး ကိုလည်းကောင်း၊  ဓာတ်မြေ ဩဇာနှင့် စိုက်ပျိုးရေး ပိုးသတ်ဆေး အရောင်းဆိုင်ရှင်များက သီးနှံများတွင် ဓာတုဓာတ် ကြွင်းများ ကျန်ရှိခြင်းမရှိအောင် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများ အန္တရာယ်ရာယ်ကင်းစွာဖြင့် စနစ်တကျ အသုံးပြုနိုင်ရေးအတွက် သီးနှံစိုက်ပျိုးသူများကို အသိပညာ ဖြန့်ဝေပေးစေ လိုကြောင်း၊  အောင်လံ မြို့နယ် ကုန်သည် လုပ်ငန်းရှင်များက ကုန်သွယ်မှု လွယ်ကူချောမွေ့ရေးအတွက် ပံ့ပိုးစေလိုကြောင်း ဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးက  တောင်သူလယ်သမား ကုန်သည် လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်များသည် များစွာ အကျိုးရှိကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့် နိုင်ငံဖြစ်၍ တောင်သူလယ်သမားများသည် တိုင်းပြည်အတွက် အရေးပါသူများ ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအပေါ် တောင်သူလယ်သမားများ၊ အကျိုးဆောင်ပုဂ္ဂိုလ် နှင့် ကုန်သည် လုပ်ငန်းရှင်များ စုပေါင်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေး အသိပညာပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အမြန်ဆုံး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်ကို စပါးသီးနှံအတွက်သာမက အခြားသီးနှံများအတွက်လည်း ချေးငွေ ထုတ်ချေးနိုင်အောင် ပြင်ဆင်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အစိုးရသာမက ပုဂ္ဂလိကဘဏ်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ချေးငွေထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ပန်းမဒရွာ နှင့် မအူခုံရွာ တို့တွင် စိုက်ပျိုးထားသည့် ဝါ၊ မြေပဲ၊ နှမ်း စိုက်ခင်းများသို့ လည်း သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။       
(သတင်းစဉ်)

No comments:

Post a Comment