Tuesday, November 22, 2016

အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦး၏ လယ်ယာ မြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် မရရှိသေးဘဲ ဓာတ်ဆီဆိုင် ဆောက်လုပ်ခြင်းနှင့် အဆိုပါ လယ်မြေ ဧကများအတွက် ၂၀၁၆ ခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူထားခြင်း ရှိ၊ မရှိ တို့ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စက်သုံးဆီအရောင်းဆိုင် အသစ်ဖွင့်လှစ် ခွင့်ပြုရန်အတွက် အဆိုပြုမြေနေရာတွင် တိုင်းဒေသ ကြီး၊ ပြည်နယ် အစိုးရအဖွဲ့၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံစာနှင့်အတူ မြန်မာ့ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ အတည်ပြုပြီးသည့် အရောင်းဆိုင်၏ အကွက်ချပုံစံ၊ တည်ဆောက်မည့် အရောင်းဆိုင်၏ ပုံစံနှင့် အသေးစိတ်ပုံစံ တို့ဖြင့် ပြည့်စုံစွာ တင်ပြလျှောက် ထားလာပါက မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် သတ္တုတွင်းဦးစီးဌာနတို့မှ ပညာရှင်အရာထမ်းများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ပါကြောင်း။
စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်၏ အခြေခံလိုအပ်ချက်များနှင့် ပြည့်စုံကိုက်ညီမှုရှိပြီး သက်ဆိုင်ရာဌာန၏ စက်သုံးဆီ သိုလှောင်ခွင့်ပြုမိန့် လိုင်စင်ရရှိပြီး ဖြစ်သဖြင့် ဖွင့်လှစ်ခွင့်ပြု သင့်ကြောင်း စစ်ဆေးရေးအဖွဲ့မှ ထောက်ခံတင်ပြလာပါက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမှုဆောင်ကော်မတီ အစည်းအဝေးမှ စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်ကို စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိပါကြောင်း၊ အုတ်တွင်းမြို့နယ်အတွင်း ဦးညီညီထွေး (ရာဇာမင်းကုမ္ပဏီ)မှ လယ်ယာမြေအား စက်သုံးဆီအရောင်းဆိုင် အသုံးပြုရန် လျှောက်ထားဆဲ ကာလအတွင်း လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် မရရှိဘဲ စက်သုံးဆီအရောင်းဆိုင် ပြုလုပ်ရန် မြေညှိ ခြင်း၊ အုတ်ပုံခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သဖြင့် တင်းကုတ္တန်းကျေးရွာအုပ်စုနှင့် အုတ်တွင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲနေသဖြင့် ဖယ်ရှားပေးရန် အကြောင်းကြားစာများရေးပို့၍ အရေးယူဆောင်ရွက်ခဲ့ပါ ကြောင်း၊ ဦးညီညီထွေး(ရာဇာမင်းကုမ္ပဏီ)မှလည်း လုပ်ငန်းဆက်လက် ဆောင်ရွက်ခြင်း မရှိဘဲ ရပ်ဆိုင်းထားပြီး ဖြစ်ပါကြောင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း အသုံးပြုမှု များ ဆက်လက်ဆောင်ရွက်ပါကလည်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် လယ်ယာမြေ ဥပဒေပုဒ်မ ၂၀ အရ ဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ လယ်မြေ နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးထားခြင်း မရှိပါ ကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း၏ ပိုးစာပင် စိုက်ပျိုးရေး စီမံချက်အတွက် သိမ်းဆည်းထားသည့် ယာမြေဧက ပေါင်းများစွာအား ပိုးစာ စိုက်ပျိုးရေး စီမံချက် ဖျက်သိမ်းပြီး နောက်ပိုင်း မူလပိုင်ရှင်များထံ ပြန်လည်လွှဲအပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြန်မာ့ဝါ နှင့် ပိုးချည်လုပ်ငန်း မြန်မာ့ပိုးချည်စီမံကိန်းကို ၁၉၉၃ - ၉၄ခုနှစ်က စတင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းတွင် ဌာနအနေဖြင့် စံပြပိုးစာ စိုက်ပျိုးမွေးမြူခြင်း လုပ်ငန်း၊ တောင်သူများကို စည်းရုံးခြင်းနှင့် နည်းပညာပေးခြင်း လုပ်ငန်းတို့ကို လုပ်ဆောင်ခဲ့ ပါကြောင်း၊ မြေယာစီမံခန့်ခွဲမှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ ဒေသအာဏာပိုင် အဖွဲ့မှ ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပိုးချည်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိသည့် အခါတွင်လည်း မြေယာခန့်ခွဲခြင်း အပိုင်းကို ဌာနအနေဖြင့် ပါဝင် ဆောင်ရွက်ခြင်း မရှိပါ ကြောင်း။
မျိုးပိုးဥနှင့် ပိုးစာသုတေသနခြံကို ၁၉၅၂ - ၁၉၅၃ ခုနှစ်တွင် လည်းကောင်း၊ ပိုးချည် စက်ရုံနှင့် ပိုးစာသုတေသနခြံကို ၁၉၅၄ ခုနှစ်တွင်လည်းကောင်း ဂျပန်စစ်လျော်ကြေးဖြင့် စတင် တည်ထောင်ခဲ့ပါကြောင်း၊ ထိုပြင် ဒိုးကွင်ကော်ဖီခြံ ဧရိယာမှ ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် ဧက ၄၀ နှင့် ၁၉၉၅ - ၁၉၉၆ ခုနှစ်တွင် ဧက ၂၀ စုစုပေါင်းဧက ၆၀ ကို လွှဲပြောင်းရယူခဲ့ပြီး ဒိုးကွင်ပိုးစာခြံအဖြစ် တည်ထောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပိုးစာခြံများ၏ မြေယာများသည် မည်သည့် တောင်သူ တစ်ဦးတစ်ယောက်ထံမှ သိမ်းယူထားခြင်း မဟုတ်ပါကြောင်း၊ ဌာနအနေ ဖြင့် ပိုးစာခြံများတွင် ပိုးစာပင်စိုက်ပျိုးနည်း သုတေသနလုပ်ငန်း၊ ပိုးမွေးမြူခြင်း သုတေသန လုပ်ငန်း၊ လက်ကျစ်ချည် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် တန်ဘိုးမြှင့် ထုတ်ကုန်များ စမ်းသပ် ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုမ္ပဏီများသို့လည်း ငှားရမ်း ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်း၏ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင် အတွင်းရှိ သိမ်းဆည်းခံခဲ့ရသည့် ဥယျာဉ်ခြံမြေများကို ဒေသခံများထံသို့ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် နစ်နာကြေးပေးခြင်း၊ မြေမဲ့ယာမဲ့ ဖြစ်လျက် ရှိသော ဒေသခံများနှင့် ရွှေ့ပြောင်း လုပ်သားများအတွက် မြေယာမျှဝေပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် ဆီအုန်းစိုက်ခင်းများကြောင့် ပြုန်းတီးသွားသော သစ်တောများအပြင် ယင်းစိုက်ခင်းများအတွင်းရှိ စမ်းချောင်းများအား ဒေသခံများနှင့် ဆီအုန်းကုမ္ပဏီတို့ ပူးပေါင်းထိန်းသိမ်းပြီး ကျေးရွာများ အတွက် အားကစားကွင်း၊ စားကျက်မြေများ ဖန်တီးပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းများ နှင့်စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သိမ်းဆည်းခံ လယ်ယာမြေများအား မူလ ပိုင်ရှင်များသို့ ပြန်လည်လွှဲအပ် ပေးလျက်ရှိပါကြောင်း၊ မြေမဲ့ယာမဲ့ ဒေသခံပြည်သူများနှင့် ရွှေ့ ပြောင်း လုပ်သားများ အတွက်လည်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ ထူထောင်ပေးလျက် ရှိပါကြောင်း၊ ဆီအုန်းခြံများအတွင်းရှိ စမ်းချောင်းများအား မြို့နယ်၊ ရပ်ကွက်နှင့် ဒေသခံပြည်သူများ၊ ကုမ္ပဏီများ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါကြောင်း၊ ကျေးရွာများအတွက် လိုအပ်သော စားကျက်မြေ၊ အားကစားကွင်းများ၊ စာသင်ကျောင်းများ ဆောက်လုပ်ရန် မြေနေရာများ တည်ရှိပြီး ဖြစ်ပါ ကြောင်း၊ ထပ်မံလိုအပ်ပါကလည်း အသုံးပြုမည့်မြေ လိုအပ်သည့် ဧရိယာအပေါ် မူတည်၍ သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ၊ ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁၂)မှ ဦးစိုးဝင်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ် တို့၏ သိမ်းဆည်းယာမြေ၊ စိုက်ပျိုးစရိတ် ချေးငွေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment