Monday, November 14, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောမမြို့ရှိ စစ်သမိုင်းပြတိုက်လေ့လာ


နေပြည်တော် နိုဝင်ဘာ ၁၃

အီတလီနိုင်ငံ ရောမမြို့၌ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရောမမြို့ရှိ GRANATIERJ စစ်သမိုင်း ပြတိုက်သို့ သွားရောက် လေ့လာကြသည်။


GRANATIERJ စစ်သမိုင်းပြတိုက်တွင် ပထမကမ္ဘာစစ်အတွင်း အီတလီ ပါဝင်ခဲ့သော စစ်ပွဲများ၊ စစ်ပွဲများအတွင်း အသုံးပြုခဲ့သော လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ အီတလီတပ်မတော် သမိုင်းနှင့် သူရဲကောင်း စစ်သည်မှတ်တမ်းတို့ကို စနစ်တကျခင်းကျင်းပြသထားကြောင်း သိရသည်။

ဆက်လက်၍ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် Turin မြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီး ARIS ကုမ္ပဏီသို့ရောက်ရှိရာ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်း ပြောကြားကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းကာ ကုမ္ပဏီ၏ ထုတ်ကုန် ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

ARIS ကုမ္ပဏီသည် စစ်သုံးယာဉ်များ၊ မီးသတ်ယာဉ်များ၊ ကွန်တိန်နာ ကား၊ ဆေးရုံကားနှင့် Generator နောက်တွဲယာဉ်များကို ခေတ်နှင့်အညီ တီထွင်ထုတ်လုပ်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် LEONARDO AIRCRAFT ကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီ၏ လေယာဉ် ထုတ်လုပ်ရေး အလုပ်ရုံနှင့် ထုတ်ကုန် ပစ္စည်းများအား လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။

LEONARDO AIRCRAFT ကုမ္ပဏီသည် တိုက်ခိုက်ရေးလေယာဉ်များ၊ သယ်ယူပို့ဆောင် ရေးလေယာဉ်များ၊ ရေပြင်နှင့် မြေပြင်ကာကွယ်ရေးနည်းစနစ်များ၊ အာကာသနည်းပညာနှင့်ဆိုင်သော နည်းစနစ်များကို တီထွင် ထုတ်လုပ်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် Turin မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ ရောမမြို့သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ပြန်လည်ရောက်ရှိကြကြောင်း သတင်း ရရှိသည်။


(သတင်းစဉ်)

No comments:

Post a Comment