Sunday, November 13, 2016

မောင်တောမြို့နယ် ကိုင်းကြီးနှင့် မောရ၀တီကျေးရွာရှိ ဒေသခံ တိုင်းရင်းသားများအား ပြည်နယ် ၀န်ကြီး ဦးအောင်ကျော်ဇံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ


မောင်တော နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေတို့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာနှင့် မောရ၀တီ ကျေးရွာတို့မှ ဒေသခံတိုင်းရင်းသားများနှင့် သွားရောက်တွေ့ဆုံပြီး မောရ၀တီကျေးရွာတွင် စပါးရိတ်စက်ဖြင့် စပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။




ကိုင်းကြီးကျေးရွာ မူလတန်းကျောင်း၌ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံရာ ပြည်နယ် ၀န်ကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒေသခံ တိုင်းရင်းသားများက ဈေးရောင်း၊ ဈေးဝယ်ရန် အခက်အခဲရှိ၍ ကျေးရွာဈေးတစ်ခု ထူထောင်ပေးရေး၊ ကျေးရွာဆေးပေးခန်းတွင် ဆရာဝန် လိုအပ်နေသည့်အတွက် စီစဉ်ဆောင်ရွက်ပေးရေး၊ လုံခြုံရေးအတွက် စိတ်ချရအောင် စီစဉ်ဆောင်ရွက် ပေးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် ဆောင်ရွက်ပေးရေး၊ ကျေးရွာစာကြည့်တိုက် တစ်လုံး တည်ဆောက်ပေးရေးနှင့် ရုပ်မြင်သံကြား ဖမ်းစက်များ တပ်ဆင်ပေးရေးစသည်တို့ကို ဆွေးနွေး တင်ပြကြသည်။

မောရ၀တီ ကျေးရွာအလယ်တန်း(ကျောင်းခွဲ) တွင် ဒေသခံ တိုင်းရင်းသား များနှင့် တွေ့ဆုံစဉ် တက်ရောက်လာ သူများက ပညာရေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ လုံခြုံရေးတိုးမြှင့်ချထားပေးရန် လိုအပ်မှု၊ လျှပ်စစ်မီးနေ့စဉ် ၂ နာရီခန့်သာ ရရှိသဖြင့် ပိုမိုရရှိအောင် ဆောင်ရွက်ပေးစေလိုမှု၊ တိုင်းရင်းသားကျေးရွာများ ထပ်မံ တည်ထောင်ပေးရန် လိုအပ်မှုတို့ကို တင်ပြကြသည်။

ထို့နောက် မောရ၀တီ ကျေးရွာရှိ စပါးစိုက်ခင်းများအား စက်မှုလယ်ယာ ဦးစီးဌာနမှ စီစဉ်ပေးသည့် စပါး ရိတ်စက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှု အားပေးသည်။

စက်မှုလယ်ယာဦးစီးဌာနက မောင်တောမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများ အချိန်မှီ ရိတ်သိမ်းနိုင်ရန် ကျေးရွာ တစ်ရွာလျှင် စက်နှစ်လုံးစီ ခွဲဝေပေးထားပြီး ယခုရာသီအမှီ စပါးရိတ်သိမ်းနိုင်ရန် စပါးရိတ်စက် အစီး လေးဆယ်ကို ငှားရမ်းပေးထားကြောင်း သိရှိရသည်။

No comments:

Post a Comment