Monday, November 14, 2016

အနောက်ဘက်တံခါးမှ အဓိကလမ်းမကြီးတစ်ခုအကြောင်း


မေယုတောင်တန်းကြီးများ ကာရံထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်- မောင်တောလမ်းသည် တစ်ဖက်နိုင်ငံသို့ထွက်ခွာသည့် နယ်စပ် ထွက်ပေါက် ဖြစ်သောကြောင့် တစ်နေ့လျှင် ကားအစီးရေခန့်မှန်း ၄၅ဝ သွားလာနေကြောင်း မောင်တောခရိုင် လမ်းဦးစီးဌာနမှ သိရသည်။


ယမန်နှစ် မိုးရာသီ ဇူလိုင်လ ပထမပတ်က မိုးများစွာ ရွာသွန်းခဲ့သည့်အတွက် ဘူးသီးတောင် မြို့နယ်မှ မောင်တောမြို့နယ်သို့ သွားသည့် မိုင်တိုင်အမှတ် (၈/ဝ)မှ (၈ /၂) တွင် တောင်များပြိုကျကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ သည်။ ဘူးသီးတောင်- မောင်တောကားလမ်းသည် မေယု တောင်တန်းများတစ်လျှောက်တည်ရှိပြီး မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်း ပါက တောင်ကျရေကြောင့် တောင်များပြိုကျခြင်းများဖြစ်ပေါ်ပြီး နှစ်စဉ် လိုလို ကားလမ်းပိတ်ဆို့မှုများဖြစ်ပွားတတ်သည်။

မောင်တောခရိုင် လမ်းဦးစီးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဦးခင်မောင်လွင်က ''အရင်နှစ်မိုးရာသီတုန်း က မိုးများတဲ့အတွက် ၈ မိုင်ကနေ ၈ မိုင် ၂ ဖာလုံအတွင်းမှာ တောင်ပြိုကျတာ မြေကျင်းပေါင်း သုံးသိန်းလောက် ရှိခဲ့တယ်။ ဒါတွေကို ကျွန်တော်တို့က ခုနစ်ရက်အတွင်းမှာ ဖယ်ရှားနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ကျောက်ချောလမ်းဖြစ်အောင် ကြိုးစားနေပါတယ်။ မိုင်တိုင် သုည ကနေ ၁၂ မိုင် ၄ ဖာလုံအထိ လမ်းချဲ့ခြင်း လုပ်ငန်းတွေ လုပ်ဆောင်မှာပါ။

မျက်ကွယ်နေရာတွေမှာလည်း တောင်ချဲ့တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ မျက်ကွယ်ကို တိုးချဲ့ရတဲ့ အချက်က မော်တော်ယာဉ်တွေ မြန်မြန်ဆန်ဆန်နဲ့ သွားလာနိုင်ဖို့ပါ''ဟု ပြောသည်။

မောင်တောခရိုင် လမ်းဦးစီးဌာနက တာဝန်ယူထိန်း သိမ်းလျက်ရှိသော လမ်းရှစ်လမ်းရှိကြောင်း သိရသည်။ ၎င်းတို့မှာ ဘူးသီးတောင်- မောင်တော လမ်း၊ ဘူးသီးတောင်- သင်္ဘောဆိပ်လမ်း၊ ဘူးသီးတောင်-ကျောက်တော် လမ်း၊ မောင်တော- အလယ်သံကျော်-အငူမော်လမ်း၊ မောင်တော- ကျီးကန်းပြင်-ကြိမ်ချောင်း - အောင်သပြေ- ဗန္ဓုလလမ်း၊ တောင်ပြိုမြို့နယ် ထဲရှိ တောင်ပြို- ကြိမ်ချောင်းလမ်း၊ တောင်ပြို ဂေါ်ဒုံခလမ်းနှင့် လိပ်ရ- လိပ်ရ နယ်မြေစခန်း လမ်းတို့ဖြစ်သည်။ အဆိုပါ လမ်းရှစ်လမ်းသည် စုစုပေါင်း ၁၄၉ မိုင်ရှိကြောင်း သိရသည်။

မောင်တောခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်မင်းက ''ဘူးသီးတောင်- မောင်တော လမ်းကို အခုကျွန်တော်တို့ စပြီးတိုးချဲ့နေပါတယ်။ ၁၆ မိုင် လမ်းကို အခုလိုတိုးချဲ့တာ ကလည်း တောင် အကွေ့အကောက်ဖြစ်နေတာတွေ ကိုဖြောင့်အောင် ဆောင်ရွက် တာဖြစ်ပါတယ်။ တောင်ကွေ့များ တယ်။ အခုဆိုရင် ဘူးသီးတောင် ကနေ မောင်တောကို ၄၅ မိနစ်ဝန်းကျင် သွားလာနေရပါတယ်။

ဘူးသီးတောင်- မောင်တောလမ်းပိုင်း တောင်ချဲ့တဲ့လုပ်ငန်းတွေပြီးသွားမယ်။ လမ်းဖြောင့်သွားမယ်။ ကတ္တရာ တွေ ခင်းပြီးသွားမယ်ဆိုရင် နာရီဝက်လောက် အတွင်း သွားလာနိုင်မှာပါ။ ဒီဇင်ဘာလကုန်မှာ ပြီးစီးဖို့ လျာထား ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။

ယခင်က လမ်းသားအကျယ် ၁၂ ပေအပါအဝင် လမ်းတာပေါင် အကျယ် ၂၅ ပေခန့်သာရှိသော ဘူးသီး တောင်-မောင်တော ကားလမ်းအား ၃၄ ပေအထိ တိုးချဲ့ မည်ဖြစ်ပြီး အကျယ် ၁၈ ပေ ကတ္တရာလမ်းသားဖြစ်အောင် ငါးနှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ထောက်အင်ဂျင်နီယာ ဦးခင်မောင်လွင်က ''ဘူးသီးတောင်-မောင်တော လမ်း မိုင်တိုင်အမှတ် (၈/ဝ) မှာ အရင်နှစ်မိုးရာသီတွေလို တောင်တွေ ထပ်မပြိုကျနိုင်အောင်လို့ မြေကာနံရံ မီတာ ၃၁ဝ နဲ့ မြေကာ နံရံရဲ့ အောက်ခြေမှာ ကျောက်စီရေမြောင်းမီတာ ၃၁ဝ ကို ဆောင်ရွက်သွားဖို့ ရှိပါတယ်။ မိုင်တိုင် (၈/ဝ) နေရာက မြေပြိုတာ မကြာခဏဖြစ်ပါတယ်။ နဂိုရှိတဲ့ ကတ္တရာလမ်းသားဆိုရင် ချောင်းရေနဲ့ပဲ့ပြီးပါသွားပါတယ်။ ဒါကြောင့် တောင်ဘက်ကိုချဲ့ပြီး လမ်းသစ်ဆက်ခင်းနေတာပါ။

မိုးများတဲ့အခါမျိုးမှာဆိုရင် တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ်လောက် ဖြစ် ပါတယ်။ နှစ်စဉ်နီးပါးဖြစ်ပါတယ်။ ဒါကြောင့် မြေကာနံရံတွေ ကိုလုပ်ဆောင်မှ တောင်ပြိုကျမှုကိုထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က တောင်ဘက် မြေထိန်း နံရံလုပ်ပြီးပြီ ဆိုတာနဲ့ ချောင်းဖက်၊ ချောက်ဖက်တွေမှာ မြေကာနံရံတွေ ဆက်လက် ပြုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အချို့နေရာတွေဆို လုပ်ပြီးပါပြီ။ ဒါပေမယ့် ချောင်းရေစီး ကြမ်းတာကြောင့် အချို့နေရာတွေမှာ ပြန်ပြိုကျသွားတာတွေ ရှိပါတယ်''ဟု ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်သို့ မြေပြို ကျမှု ဖြစ်စဉ် မှ ရှောင်လွှဲနိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်၍ပြောသည်။

ဘူးသီးတောင်-မောင်တောလမ်းသည် ၁၉၁၆ ခုနှစ် တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၉၁၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စတင်ဖောက်လုပ်စဉ်က မီးရထားလမ်းအဖြစ် ဖောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် ကားလမ်းအဖြစ် ပြောင်းလဲ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်-မောင်တောကားလမ်းတစ်လျှောက် တွင် အင်္ဂလိပ် ကိုလိုနီလက်ထက်က တောင်များကို ဖောက်ထွင်း၍ ဆောက်လုပ်ခဲ့သောလိုဏ်ဂူကြီးနှင့် လိုဏ်ဂူငယ် နှစ်ခုရှိသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းက ''နှစ် ၁ဝဝ ကြာပြီဖြစ်တဲ့ ဒီလိုဏ်ခေါင်းကြီးဟာ ရေစိမ့်ယိုမှုတွေ ဖြစ်လာတဲ့အတွက် ကျွန်တော်တို့ လမ်းဦးစီးဌာနက ပြုပြင် မွမ်းမံထားပါတယ်။ ဒါပေမယ့် လိုဏ်ခေါင်းကြီး ထဲကနေ ကားကြီးတွေ ဖြတ်သန်း သွားလို့မရပါဘူး။ နောက်လုံခြုံရေး၊ ကာကွယ်ရေးအတွက် အသုံးပြုဖို့ စက်ယန္တရားကြီးတွေ၊ သံချပ်ကာကားစတာတွေ သွားလို့မရတဲ့အတွက် ကျွန်တော် တို့ ၂ဝဝ၇ ခုနှစ်ကစပြီး ရှောင်ကွင်းလမ်းကို လမ်းကြောင်းရှာခဲ့ပါတယ်။ အခုရှောင်ကွင်းလမ်းကြောင်းက သုံးဖာလုံ အရှည်ရှိပါတယ်။ သုံးဖာလုံရှည်တဲ့အတွက် ဒီလိုဏ်ခေါင်း ကို ၂ဝ၁ဝ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာ ၂ဝ၁၄ ခုနှစ်မှာ ပြီးစီး ပါတယ်။ အခုလို လိုဏ်ခေါင်းရှောင်ကွင်းလမ်းဖောက်လုပ်နိုင်တာကြောင့် ယာဉ်ကြီးတွေနဲ့ စက်ယန္တရားကြီးတွေ သွားလာနိုင်ပါပြီ။ အခုဆိုရင် ယာဉ်ကြီး၊ ယာဉ်ငယ် မှန်သမျှ ရှောင်ကွင်းလမ်းကပဲ သွားကြတော့တယ်'' ဟု ပြောသည်။

လိုဏ်ဂူကြီးသည် (၇/၇) မိုင် မှ ၈ မိုင်အကြားတွင်ရှိပြီး လိုဏ်ခေါင်းအရှည်မှာ ၆၅၈ ပေရှိကာ အချင်း ၁၅ ပေ ၆ လက်မ၊ အမြင့် ၁၂ ပေ ၆ လက်မရှိသည်။ သုံးပေ ထုရှိသည့် အုတ်သားများနှင့် စီထားပြီး ရေယိုစိမ့်မှုမရှိ စေရန် သုံးလက်မထု သံကူကွန်ကရစ်များဖြင့် ပြန်လည်မွမ်းမံထားခြင်းဖြစ်သည်။ အလားတူ လိုဏ်ဂူငယ်သည် ဘူးသီးတောင်- မောင်တောလမ်း မိုင်တိုင်အမှတ် (၆/၅) တွင်တည်ရှိ၍ အရှည် ၉၈ ပေ၊ အချင်း ၁၅ ပေ ၆ လက်မ၊ အမြင့် ၁၂ ပေ ၆ လက်မနှင့် ထုသုံးပေရှိသည်။

လိုဏ်ဂူကြီးနှင့်လိုဏ်ဂူငယ် တည်ဆောက်ရေးအတွက် ၁၉၁၆ ခုနှစ်တွင် ဖလော်ရီဒါ ရထားကုမ္ပဏီက Martin ကုမ္ပဏီကို တာဝန်ပေးအပ်နှံသဖြင့် မာတင်ကုမ္ပဏီက ဖောက်လုပ်ခဲ့ခြင်းဖြစ်ကာ ၁၉၁၈ ခုနှစ်တွင် ပြီးစီးခဲ့ ကြောင်း သိရသည်။ ယခုအခါ သက်တမ်း နှစ် ၁ဝဝ ရှိပြီဖြစ်သည်။

''ဒီလိုဏ်ခေါင်းတွေကိုလည်း ပိတ်ထားခြင်းမရှိတဲ့အတွက် ယာဉ်ငယ်တွေသွား လို့တော့ ရပါတယ်။ ဒါပေမယ့် ယာဉ်တွေအားလုံးက လိုဏ်ခေါင်းရှောင်ကွင်း လမ်းကပဲ သွားလာကြပါတော့တယ်''ဟု လိုဏ်ဂူကြီးအား လှမ်း ညွှန်ပြရင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းက ဆိုသည်။


အနောက်ဘက်တံခါးမှ ဘူးသီးတောင် - မောင်တော ကားလမ်း ကို ဒေသတည်ငြိမ်လာပြီး ပွင့်လင်းရာသီလည်း ရောက်ရှိနေပြီဖြစ်သဖြင့် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေမှုကြောင့် မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။

No comments:

Post a Comment