Friday, November 4, 2016

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ဆက်လက်ကျင်းပ


ရန်ကုန် - နိုဝင်ဘာလ ၎
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက် နေ့ကို တိုင်းဒေသကြီးလွှတ်တော် ရုံးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော် ကိုယ်စားလှယ် (၁၁၆)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်တွင် တက်ရောက်ခွင့်ရှိသူ (၁၂၃)ဦးအနက် အစည်းအဝေးကို တက်ရောက်သူဦးရေမှာ အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံကျော်လွန်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ဆက်လက်၍ ကြယ်ပွင့်ပြထားသောမေးခွန်း (၆)ခုကို မေးမြန်းကြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး (ရန်ကုန်မြို့တော်ဝန်)၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြင့်သောင်း တို့မှ ပြန်လည်ရှင်းလင်းဖြေကြား ခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ရန်ကုန်မြို့အတွင်း အများပြည်သူပိုင် လမ်းများပေါ်တွင် ဈေးရောင်းချ၍ အသက်မွေးနေသော ဈေးသည်များအား မြို့ပြအင်္ဂါရပ်နှင့်အညီ စနစ်တကျ ဈေးရောင်း ချနိုင်ရန် ကောင်းမွန်သော အစီအမံများပေးပါရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးမှ ဆွေးနွေးခြင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ သဘောထား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်၏သဘောဆန္ဒအရ အဆိုကိုအတည်ပြုခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက် နေ့ကို နေ့လည် (၁၂း၂၀) နာရီ အချိန်တွင် ရပ်နားခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီးပြန်/ဆက်

No comments:

Post a Comment