Monday, November 28, 2016

ဂန့်ဂေါတွင် စပ်မျိုးနေကြာကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထား၊ မိုးစပါးအပြီးတွင်လည်း လယ်သီးထပ်အဖြစ် စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိ

ဂန့်ဂေါ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် စပ်မျိုးနေကြာ ရေဆင်း(၁) မျိုးကို ဆောင်းသီးနှံအဖြစ် ၂၉၅ ဧက စိုက်ပျိုးထားကြောင်းနှင့် မိုးစပါးများ ရိတ်သိမ်းပြီးပါကလည်း လယ်သီးထပ်အဖြစ် ဆက်လက်စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ယခုနှစ် မိုးရာသီတွင် ဂန့်ဂေါမြို့နယ်ရှိ တောင်သူများသည် စပ်မျိုးနေကြာ ရေဆင်း(၁) မျိုးကို ဧက ၂၀၀ ကျော် စိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်နှုန်း ၅၂ ဒသမ ၁၃ တင်း ထွက်ရှိခဲ့သည့်အပေါ် “ နေကြာစိုက်တော့ တစ်ဧက မျိုးတန်ဖိုးပါ ကုန်ကျစရိတ် ကျပ်နှစ်သိန်းဝန်းကျင်ရှိပါတယ်၊ ရိုးရိုးနေကြာက ဆီ ၂ ပိဿာခွဲထွက်တယ်၊ စပ်မျိုးနေကြာက တစ်တင်းကို ဆီ ၄ ပိဿာခွဲ ထွက်တယ်၊ လောလောဆယ် နေကြာဆီက ကျပ် ၄၀၀၀ ဈေးပေါက်တော့ တွက်ချေကိုက်သီးနှံ ပေါ့ကွယ်၊ ’’ ဟု နေကြာစိုက်ပျိုးသူ တောင်သူတစ်ဦးကပြောသည်။
အဆိုပါ စပ်မျိုးနေကြာ ရေဆင်း(၁) မျိုးကို တောင်သူများထံ ဖြန့်ဖြူးနိုင်ရန်အတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် တောင်ခင်ရန်းရွာ စိုက်ပျိုးပညာပေးရေးစခန်းတွင် မျိုးစေ့ထုတ်စိုက်ခင်း ၅ ဧက စိုက်ပျိုးထားရာ နိုဝင်ဘာ ၂၇ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်နှင့်အဖွဲ့သည် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာအေးနှင့်အတူ နေကြာစိုက်ခင်းဖြစ်ထွန်းအောင်မြင်မှုအား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်၊ ဂန့်ဂေါ)

No comments:

Post a Comment