Tuesday, November 22, 2016

ရှေးဘုရှင်မင်းဆက်(၃၁)ဆက် ထီးနန်းစိုးစံခဲ့သော အင်းဝ ဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားများလာရောက် လည်ပတ်မှုများပြားလျက်ရှိ

မန္တလေး              နိုဝင်ဘာ             ၂၂
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ တောင်ဘက် ၂ မိုင် ၄ ဖာလုံ ၊ မန္တလေးမြို့၏ အနောက် တောင်ဘက် မိုင်(၂၀) ခန့်အကွာ ဧရာဝတီမြစ် နှင့် ဒုဌ၀တီမြစ် (မြစ်ငယ်မြစ်) တို့ဆုံရာ တွင် တည်ရှိ သော အင်းဝမြို့ဟောင်း ဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိသည်။

‘’အင်းဝဒေသကိုယခုရက်ပိုင်း နိုင်ငံခြားသားတွေ လာရောက်လေ့လာတာတော်တော်များတယ်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့ဘက် ကနေတဆင့် ကားကြီးတွေနဲ့ အဖွဲ့လိုက်လာကြတာများတယ်၊ အိုးထုတ္တန်းဆိပ်ကမ်း ကနေလည်း ဧရာဝတီမြစ် အလှကိုခံစားရင်း ၀င်ရောက်လာတာလည်းများတယ်၊ ဒီရောက်တော့ မြင်းလှည်းတွေ စီးပြီး လှည့်လည်လေ့လာကြကြောင်း၊ မယ်နုအုတ်ကျောင်း၊ နန်းမြင့်မျှော်စင်၊ ဗားကရာကျောင်း၊ လေးထပ်ကြီး ဘုရား ၊ လောကမာရ်အောင်စေတီတော်၊ ရတာနာဆီးမီးဘုရားစု၊ ဒေါ်ဂျမ်းဘုရားစုနှင့် အခြားရှေးဟောင်း အဆောက်အဦးများသို့ လှည့်လည်လေ့လာကြကြောင်း၊ ယခုလတွင် သိသိသာသာလာ ရောက်လည်ပတ်မှု များပြားကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားတွေရော၊ ကျောင်းသားလူငယ် တွေရော လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း’’ အပြင်စံရာကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
အင်းဝမြို့ကို သက္ကရာဇ် (၇၂၆) ခုနှစ်တွင် သတိုးမင်းဖျားစတင် တည်ထောင်ခဲ့ပြီး ရှေးဘုရင်မင်းဆက် (၃၁) ဆက် ထီးနန်းစိုးစံခဲ့ကြသည်။
ခေတ်အဆက်ဆက် (၈) ကြိမ်နန်းတည်ခဲ့ပြီး ရှေးဟောင်းသာသနိက အဆောက်အဦများ၊ နန်းတော်ဆောင်၊ မြို့ရိုးနှင့် ပြသာဒ်တို့၏ဗိသုကာတည်ဆောက်ပုံနှင့် အမွမ်းပန်း လက်ရာများ တွေ့ရှိနိုင်သည်။
အင်းဝမြို့ဟောင်းတွင် နံရံဆေးရေးပန်းချီများရှိသော ဘုရား(၅)ဆူ၊ ရှေးဟောင်းကျောက်စာ ရှိသောဘုရား (၇) ဆူ နှင့် ကြေးခေါင်းလောင်းစာရှိသောဘုရား (၃) ဆူ၊ ရှေးဟောင်း အဆောက်အဦး       စုစုပေါင်း (၆၂၄) ခု ရှိ ကြောင်း မှတ်တမ်းများအရ သိရပြီး ပြည်တွင်းပြည်ပခရီးသွားများ လာရောက် လည်ပတ်မှု များပြားလျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေး (ပြန်/ဆက်)

No comments:

Post a Comment