Friday, November 4, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ဘုရင်နှင့် မိဖုရားတို့နှင့် တွေ့ဆုံ



တိုကျို  နိုဝင်ဘာ 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ကျိုတိုမြို့မှ ကျည်ဆံရထားဖြင့် တိုကျိုမြို့သို့ ပြန်လည်ရောက်ရှိကြသည်။



ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံဘုရင် အာကီဟိတိုနှင့် မိဖုရား မီချီကို တို့အား နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် တိုကျိုမြို့ရှိ ဂျပန်ဘုရင့်နန်းတော်၌ သွားရောက် တွေ့ဆုံရာ ဂျပန်ဘုရင်နှင့် မိဖုရားတို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နွေးထွေးစွာကြိုဆို၍ မြန်မာ - ဂျပန် ဆက်ဆံရေးအပေါ် အလေးထားမှုများကို ပြောကြားခဲ့ သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်စီးပွားရေးလုပ်ငန်းရှင် များအသင်း(Japanese Business Fedration Keidanren) နှင့် ဂျပန်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များသင်း (Japan Chamber of Commerce and Industry - JCCI) တို့က The Imperial Hotel ၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲ သို့ တက်ရောက်သည်။
နေ့လယ်စာစားပွဲတွင် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ မစ္စတာ ဆာဒါ့ယူကီ ဆာ့ကာကီတာရာ့ နှင့် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတာ နိုဘိုကီရှီ တို့ က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံမှ တာဝန်ယူမှုရှိသော ရင်းနှီးမြုပ်နှံမှုများ ပိုမိုလာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
ထို့နောက် ဂျပန်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါက်တာ အာကီယို မီမူယာ (Dr.Akio Mimura) က မြန်မာ - ဂျပန် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တို့က ဂျပန်စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်အမျိုးသား သတင်း ထောက်များအသင်း (Japan National Press Club) ၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ သို့ တက်ရောက်ပြီး ခရီးစဉ် နှင့်ပတ်သက်၍ မီဒီယာ များ၏ မေးမြန်းချက်များကို ဖြေကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခေတ္တတည်းခိုသည့် ဟိုတယ်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များအား တွေ့ဆုံပြီး မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ချုပ် မစ္စတာ ယိုရှိဟိဒဲစူးဂါး နိုင်ငံတော်ဧည့်ဂေဟာ တိုးချဲ့ခန်းမဆောင်၌ တည့်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာစားပွဲသို့  တက်ရောက်သည်။
အဆိုပါ ညစာစားပွဲတွင် မစ္စတာစူးဂါးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန် နိုင်ငံ ခရီးစဉ်သည် မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား အကျိုးရလဒ်များစွာ ဖြစ်ထွန်းစေသည့် ခရီးစဉ်ဖြစ်သည့်အတွက် ၀မ်းမြောက်ပါကြောင်း၊ ခရီးစဉ်၌ အဓိက အကျိုးရလဒ် (၃)ခုရှိပါ ကြောင်း၊ ပထမအချက်မှာ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အစိုးရသစ်အား အကူအညီပေး ရန် ကတိက၀တ်များ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒုတိယအချက်မှာ ၀န်ကြီးချုပ် မစ္စတာ အာဘေးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့အကြား အနာဂတ်မျိုးဆက်သစ်များ ကူးလူးဆက်ဆံမှုမြှင့်တင်ရေးကို အကောင်အထည်ဖော်ရန် အမြင်ချင်းဖလှယ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တတိယအချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် ရရှိခဲ့သည့် သဘောတူညီချက်များကို အမြန် ဆုံး အကောင်အထည်ဖော်နိုင်ရန် ၎င်းအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment