Saturday, November 5, 2016

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဇေယျာတိုင်းအလှ ဖိတ်ခေါ် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

မုံရွာ နိုဝင်ဘာ ၅
၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့်နှစ် (၇ဝ) ပြည့်ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဇေယျာတိုင်းအလှ ဓာတ်ပုံပြိုင်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပ သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုစေရန်၊ သမိုင်းယဉ်ကျေးမှုအမွေ အနှစ်များ၊ သဘာဝအလှအပနေရာများနှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို ရိုက်ကူးမှတ်တမ်းတင်ပြီး မျှဝေခံစားနိုင်စေရန်အတွက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
'' တိုင်းဒေသကြီးအတွင်းက သမိုင်းဝင် နေရာတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဓာတ်ပုံပညာနဲ့ မှတ်တမ်း ပြုစုဖို့အတွက် ကျင်းပတာပါ။ ပြိုင်ပွဲကိုကဏ္ဍ(၃)ခု ခွဲပြီး ကျင်းပမှာပါ။ ယှဉ်ပြိုင်မယ့် ဓာတ်ပုံ ဝါသနာရှင်တွေအနေနဲ့ တစ်ဦးလျင် (၁ဝလက်မx၁၄လက်မ) ဆိုဒ် ပြိုင်ပွဲဝင် ဓာတ်ပုံ(၅)ပုံ အထိ ကို (၃၁.၁.၂ဝ၁၇) နောက်ဆုံးထားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မော်ကွန်းတိုက်၊ မုံရွာမြို့သို့ လိပ်မူပေးပို့ ရပါမယ်၊ ပြိုင်ပွဲမှာ ဆုအမျိုးအစား နေနဲ့ ပထမဆု၊ ဒုတိယ၊ တတိယဆုတွေကို တစ်မျိုးကို (၃)ဆုနှုန်း၊ နှစ်သိမ့်ဆု(၃ဝ)ဆုပေးအပ်ချီးမြှင့်သွားမှာပါ'' ဟု ဇေယျာတိုင်းအလှဓာတ်ပုံပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဇေယျာတိုင်းအလှဓာတ်ပုံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များကဏ္ဍ၊ သဘာဝအလှအပများကဏ္ဍနှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကဏ္ဍ ဟူ၍ ကဏ္ဍသုံးရပ်ပါဝင်မည်ဖြစ်ပြီး ကဏ္ဍတစ်ခုစီ၏ ပထမဆုအား ငွေကျပ် သိန်း(၂ဝ)၊ ဒုတိယဆုအား ငွေကျပ် (၁၅)သိန်း၊ တတိယဆုအား ငွေကျပ် (၁ဝ)သိန်းနှုန်း၊ နှစ်သိမ့်ဆု တစ်ဆုကို ငွေကျပ် (၅)သိန်းနှုန်းဖြင့် (၁ဝ)ဆု အားပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင် ဓာတ်ပုံများကို (၁.၂.၂၀၁၇)ရက်နေ့တွင် အကဲဖြတ်သွားမည် ဖြစ်ပြီး ဆုပေးပွဲကျင်းပမည့်ရက်အား ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။
မုံရွာ (ပြန်/ဆက်)


No comments:

Post a Comment