မြိတ်
နိုဝင်ဘာ ၂
မြိတ်ခရိုင်၏
ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် ရေလုပ်ငန်းနှင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စီးပွား ရေးလုပ်ငန်းများ၊
တည်ဆောက်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊
အဆင့်မြင့်အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာပြီး ကုန်သွယ်မှု လုပ်ငန်းများ၊
ကုန်စည် စီးဆင်းမှုများ လျင်မြန်မြန်ဆန်လာ၍ မြိတ်မြို့သို့ ပြည်တွင်း ပြည်ပ
ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် ရောက်ရှိလျက်ရှိကြပါသည်။
ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ
မြိတ်ဒေသကိုရောက်ရှိစဉ် ဧည့်သည်များ အပန်းပြေစေရန် ရေမြေ တောတောင် ကျွန်းများနှင့်
ဂေဟစနစ်မပျက်စီးသေးသည့် သန္တာကျောက်တန်းများ၏ သဘာဝအလှများ ကို
ကြည့်ရှုခံစားနိုင်စေရန် နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်
တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်အားပေးမှုဖြင့် ဒေသခံပြည်သူများစုဖွဲ့၍
ကမ်းခြေအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် အဏ္ဏ၀ါခရီးသွားလုပ်ငန်းစတဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ခရီး သွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကမ်းခြေအခြေပြု ခရီးသွားလုပ်ငန်းကို မြိတ်မြို့မှ
ရေမိုင်(၃၃)မိုင်အကွာအဝေး တွင်ရှိသော ဒုံးဒဟွန်း ကျွန်းကမ်းခြေနှင့် မြိတ်မြို့မှ
ရေမိုင်(၄၀)မိုင်အကွာအဝေးတွင်ရှိသော သဲလက်တန်းကျွန်း နှစ်ဘက်လှကမ်းခြေကို ခရီးသွားဇုံအဖြစ်
သတ်မှတ်ပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသခံပြည်သူများ
စုဖွဲ့၍ သက်ဆိုင်ရာဌာနများသို့ အဆိုပြုတင်ပြထားရှိရာ အောက်တိုဘာလ (၂၉) ရက်က မြိတ်ခရိုင်ခရီးသွား
လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာ သုံးသပ်ခဲ့ကြသည်။
ကမ်းခြေအခြေပြုမည့် ဒုံးဒဟွန်းကျွန်းနှင့်
သဲလက်တန်း(နှစ်ဘက်လှ)ကျွန်း ကမ်းခြေတို့တွင် ခရီးသွား ရေယာဉ်ဆိုက်ကပ် နိုင်ရန်
ဆိပ်ခံတံတား(၁)ခု တည်ဆောက်ရေး၊ ကျွန်းကမ်းခြေအခြေပြု၍ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း၊
အဏ္ဏ၀ါခရီးသွားလုပ်ငန်းနှင့် Bike Tour နှင့် Trekking Tour ဆောာင်ရွက်နိုင်ပြီး ကရင်၊
ဗမာ၊ ဆလုံ လူမျိုးစုပေါင်းနေထိုင်ကြသည့် ဒုံးကျွန်းပေါ်ရှိ ဒုံးဒဟွန်းရွာ၊
ဒုံးကမာချောင်းရွာ၊ ဒုံးညောင်မှိုင်းရွာ များကို ကွင်းဆင်းလေ့လာ သုံးသပ်ခဲ့၍ ၎င်းကမ်းခြေအခြေပြုကာ
ဆက်စပ်လျက်ရှိသော ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်နိုင်သည့် ဒုံးရေတံခွန်၊
နတ်သမီးရေတွင်းကျွန်း၊ စမတ်(ပါပဲ့)ကျွန်းများကို ကော်မတီ မှ လေ့လာသုံးသပ်ခဲ့ကြကြောင်း
သိရသည်။
ကျွန်းအပန်းဖြေခရီးသွားလုပ်ငန်းကို
ခရီးသွားရာသီတွင် ခရီးသွားဧည့်သည်များ အပန်းပြေစေရန် ရေမြေ တောတောင် ကျွန်းများနှင့်
ဂေဟစနစ်မပျက်စီးသေးသည့် သန္တာကျောက်တန်းများ၏ သဘာဝအလှများကို
ကြည့်ရှုခံစားနိုင်စေရန် ဒေသခံလုပ်ငန်းရှင်(၂၀)ဦးစုဖွဲ့ကာ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ
ဦးဇော်မင်းဦး ထံမှ သိရသည်။ အဆိုပါ ကျွန်းများတွင် ခရီးသွားဇုံအဖြစ် သတ်မှတ်ပြီး
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လာပါက ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ
ရရှိလာမည်ဖြစ်ပြီး မြို့ရွာ ကျွန်းပေါ် မခွဲခြားဘဲ လမ်းပန်းဆက်သွယ်ရေးများ
အဆင်ပြေချောမွေ့ လာခြင်းစသော အကျိုးကျေးဇူးများရရှိလာကာ လူနေမှုဘ၀မြှင့်မားလာပြီး
အလုပ်အကိုင်သစ်များရရှိလာ၍
တစ်ဦးချင်းဝင်ငွေများတိုးပွားလာမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )
No comments:
Post a Comment