Friday, November 11, 2016

ငါးလုပ်ငန်းဦးစီးဌာန မြစိမ်းရောင်စီမံကိန်း မွမ်းမံသင်တန်း သထုံတွင်ဖွင့်လှစ်

သထုံ    နိုဝင်ဘာ    ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် သထုံခရိုင် အတွင်းရှိ ကျေးရွာနှစ်ရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူများအား အရင်းမပျောက် မတည်ငွေအဖြစ် ထုတ်ပေးမည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပုံ နည်းလမ်များ စနစ်တကျ ဖြစ်စေရန်အတွက် မွန်ပြည်နယ်၊ သထုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံး ခန်းမတွင် နိုဝင်ဘာလ ၁၁ ရက်၊ နံနက်က ကျေးရွာကော်မတီဝင်များအား မွမ်းမံသင်တန်းဖွင့်လှစ် ပို့ချပေးခဲ့ကြောင်း သိရသည်။


“ဒီနှစ် သထုံခရိုင်ထဲမှာ တစ်ရွာကို သိန်း ၃၀၀ စီနဲ့ ရွာနှစ်ရွာရတယ်။ ၀န်ကြီးဌာနက ထုတ်ပေး တာပါ။ အဲ့ဒီရွာတွေက ရေလုပ်သားတွေရဲ့ လူမှုဘ၀ဖွံ့ဖြိုးဖို့ ထုတ်ပေးတာပါ။ အဲ့ဒီငွေတွေကို ကျွန်တော်တို့က ကျေးရွာကော်မတီတွေဆီကို စနစ်တကျ လွှဲပြောင်းပေးအပ်ရမှာ ဖြစ်ပြီးတော့ ဒီကော်မတီကဘဲ အမှန်တစ်ကယ်လိုအပ်တဲ့ ရွာသားတွေကို သူတို့အစီအစဉ်နဲ့ ထုတ်ပေးရမှာ ဖြစ်တဲ့အတွက် စာရင်းဇယားကအစပေါ့လေ လုပ်ထုံးလုပ်နည်းတွေ စနစ်ကျအောင် ခုလိုသင်တန်း လုပ်ပေးတာပါ” ဟု သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးဝင်းဇော်က ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများအား ရွေးချယ် ရာတွင် ရေလုပ်ငန်း အမှန်တကယ်ဆောင်ရွက်နေပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်ကာ နယ်မြေတည်ငြိမ်အေးချမ်းသော အိမ်ခြေ ၈၀ နှင့် အထက်ရှိ ချို့တဲ့သည့် ကျေးရွာများကို ရွေးချယ်ပြီး တစ်ရွာလျင် ငွေကျပ်သိန်း ၃၀၀ မတည်ကာ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ယခုဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းကျေးရွာအဖြစ်ရွေးချယ် ထားသည့် သထုံမြို့နယ်မှ ဘူဒင်းချောင်ကျေးရွာနှင့် ပေါင်မြို့နယ်မှ မုတ္တမကျေးရွာတို့မှ ကော်မတီဝင် စုစုပေါင်း ၁၆ ဦးတို့ တက်ရောက်ခဲ့ကြသည်။

သထုံခရိုင်အတွင်း ရေလုပ်ငန်းလုပ်ကိုင်နေထိုင်သည့် ကျေးရွာပေါင်း ၆၀ ၀န်းကျင်ခန့် ရှိသည့်အနက် မြစိမ်းရောင် စီမံကိန်း လုပ်ငန်းကို ကျေးရွာစုစုပေါင်း ၁၀ ရွာတွင် အကောင်ထည်ဖော် ဆောင်ရွက်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

သက်ဦး(သထုံ)

No comments:

Post a Comment