Monday, November 7, 2016

မုံရွာခရိုင်အတွင်း မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့် လှည့်လည်ပြသလျက်ရှိ


မုံရွာ       နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း မှုခင်းဖြစ်စဉ်များ လျှော့နည်းကျဆင်းရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးချင်းစိန်မှ ဦးဆောင်ပြီး မှုခင်းအသိပညာပေး ရွေ့လျားပြခန်းယာဉ်ဖြင့် အများပြည်သူများ လေ့လာသိရှိနိုင်ရေး နိုဝင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ရှိ အခြေခံပညာကျောင်းများတွင် လှည့်လည် အသိပညာပေး ပြသလျက်ရှိကြောင်း သိရသည်။

ပြည်သူများ ဘ၀ လုံခြုံမှုရှိပြီး မှုခင်းဖြစ်စဉ်များ လျှော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မုံရွာခရိုင်ရဲတပ်ဖွဲ့မှ မှုခင်း အသိပညာပေး ရွေ့လျားပြခန်းယာဉ်ဖြင့် နိုဝင်ဘာလ(၅)ရက်နေ့မှ စတင်ကာ လှည့်လည် အသိပညာပေး ဆောင်ရွက်လျက်ရှိပါတယ်။
အဲဒီလို လှည့်လည်အသိပညာပေးရာမှာ မုံရွာမြို့ပေါ်မှာရှိတဲ့ လူစည်ကားရာ ကားဂိတ်၊ ဈေး၊ ဘူတာ၊ နာရီစင်အနီးနှင့် မုံရွာတက္ကသိုလ်နယ်မြေ၊ တိုင်းရင်းဆေးရုံလမ်း၊ ကမ်းနားလမ်းတစ်လျှောက်၊ အလုံဈေး စတဲ့နေရာတွေမှာ လှည်လည် အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းမှာ မုံရွာမြို့ပေါ်ရှိ အထက(ခွဲ) အလက(၂)မှာ ကျောင်းသား/ ကျောင်းသူလေးတွေနဲ့ ဆရာ/ ဆရာမတွေ လေ့လာနိုင်ဖို့ မှုခင်း အသိပညာပေး ရွေ့လျားပြခန်းယာဉ်ဖြင့် လာရောက် ပြသကာ မှုခင်းကျဆင်းရေး ပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးလျက်ရှိပါတယ်။
ကျောင်းတွေပြီးတာနဲ့ ရပ်ကွက်တွေမှာလည်း လှည့်လည်ပြီး ဆက်လက် ပြသသွားမည် ဖြစ်ပါတယ်။
နောက်ရက်တွေမှာ ချောင်းဦး၊ ဘုတလင်၊ အရာတော် စတဲ့ မြို့နယ်တွေကို သွားရောက်ပြီး အသိပညာပေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်။ဟု ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယင်းသို့ မှုခင်းအသိပညာပေး ရွေ့လျားပြခန်းယာဉ်ဖြင့် မုံရွာမြို့ပေါ်တွင် အများပြည်သူများ လေ့လာ သိရှိနိုင်ရေး လှည့်လည်ပြသဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးချင်းစိန်မှ ဦးဆောင်ပြီး ရဲမှူး မြင့်ကျော်၊ စခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲမေများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မုံရွာ (ပြန်/ဆက်)

No comments:

Post a Comment