Wednesday, November 16, 2016

ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ  ၁၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့စတင်ကျင်းပသည့် တတိယပုံမှန်အစည်းအဝေးကာလအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပြင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုရမည့် ဥပဒေကြမ်း ၁၁ ခု ရှိပါကြောင်း၊ အဆိုများအနေဖြင့် အသင့်ဖြစ်ပြီး အဆို ၈ ခုရှိပြီး အစိုးရအဖွဲ့ရုံးသို့ ပေးပို့ထားဆဲအဆို ၇ ခုကျန်ရှိပါကြောင်း၊ မေးခွန်းများအနေဖြင့် ဒုတိယပုံမှန်အစည်း အဝေးမှ တတိယပုံမှန်အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်းထားသည့် ကြယ်ပွင့်ပြ မေးခွန်း ၇၂ ခု အပါအ၀င် အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း ၁၀၅ ခုရှိပါကြောင်း၊ ယနေ့ အထိ အစိုးရအဖွဲ့သို့ ပေးပို့ထားဆဲ ကြယ်ပွင့်ပြမေးခွန်း ၆၃ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၁၃ ခုရှိပါကြောင်း။
ဒီမိုကရေစီ၏ အနှစ်သာရသည် အများဆန္ဒဖြင့် ဆုံးဖြတ်ဆောင်ရွက် သောစနစ် ဖြစ်ပြီး လူနည်းစုဆန္ဒကို လေးစားရသောစနစ်ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော် လုပ်ငန်း စဉ်များသည်လည်း ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုသည့် လောကပါလတရားများ ထွန်းကားရေးအတွက် တရားဥပဒေများ အခိုင်အမာပြဋ္ဌာန်းနိုင် ကြရန် အထူးလိုအပ်ပါကြောင်း။
ခိုင်မာသည့်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်သူကိုကိုယ်စားပြုသည့် ဥပဒေများဖြစ်ရန် အလွန်အရေးကြီးပါကြောင်း၊ ပြည်သူကိုအကာအကွယ်ပေးသည့် ဥပဒေများဖြစ်မှသာ ပြည်သူကလည်း ယုံကြည်အားကိုးပြီး လေးစားလိုက်နာကြမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်လုပ်ငန်းစဉ်များအတိုင်း စနစ်တကျချင့်ချိန်၊ စဉ်းစား၊ ဝေဖန်၊ သုံးသပ်ဆောင်ရွက်နိုင်ကြမှသာ Rule of Law ဆိုသည့် တရား ဥပဒေ စိုးမိုးရေး ရှိလာမည်ဖြစ်ပါကြောင်း။
ဒီမိုကရေစီ၏ပြယုဂ်သည် လွှတ်တော်များဖြစ်သည့်အတွက် လွှတ်တော်လုပ်ငန်း စဉ်များ ခိုင်မာအားကောင်းစွာ လည်ပတ်နိုင်ရန် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ အပေါ်တွင် အဓိကမူတည်လျက်ရှိပါကြောင်း၊ ဒီမိုကရေစီရှင်သန် ရပ်တည်ရေးအတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များက အစဉ်ကြိုးပမ်းဆောင်ရွက်နေကြ ရမည်ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်များပါသည့် ဥပဒေပြုရေးလုပ်ငန်းတာဝန်များ ထမ်းဆောင် ရန် မိမိတို့ကို ပြည်သူများက ရွေးချယ်တာဝန်ပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်သူ ပြည်သားများထံတွင်သာ ဒီမိုကရေစီကို ပြဋ္ဌာန်းခွင့်၊ ကာကွယ်ခွင့်နှင့် ကျင့်သုံးပိုင်ခွင့်များ ရှိနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ပြည်သူ့ကိုယ်စားလှယ်များပီပီ တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဖြူစင်သောစေတနာ၊ မှန်ကန်သော စိတ်ထားတို့ဖြင့် လုံ့လ၀ီရိယစိုက်ထုတ်၍ ဖြည့်ဆည်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနှင့် တတိယပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်သည်။
ထို့ပြင် အစည်းအဝေး၌ မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၏ မတူပီမြို့ မြေပြိုမှုကို နိုင်ငံတော်သမ္မတရန်ပုံငွေဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မတူပီမြို့ပေါ်တွင် ကြီးမားသောမြေပြို အန္တရာယ် ထပ်မံကျရောက်နိုင်သည့်အတွက် ထိုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ရေမြောင်းများ၊ မြေထိန်းနံရံများ တည်ဆောက်ရန် လိုအပ်မှုများကို ချင်းပြည်နယ်အစိုးရ အဖွဲ့နှင့်ညှိနှိုင်းပြီး လိုအပ်နေသည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက် နိုင်ရေး အမြန်ဆုံးစီစဉ်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၏ ပြည်ပသွင်းကုန် Ready Made လက်ဖက်ခြောက် ထုပ်များအနက် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိဘဲ ဈေးကွက်တွင်ရောင်းချနေသော လက်ဖက်ခြောက်ထုပ်များအား မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်က ပြည်ပမှတင်သွင်းလာပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ထောက်ခံချက် တစ်စုံတစ်ရာ လျှောက်ထားရယူခြင်းမရှိဘဲ ဈေးကွက်တွင် ရောင်းချနေသော လက်ဖက်ခြောက်များအား အရေးယူနိုင်ရန် ဈေးကွက် ထောက်လှမ်းခြင်းကို စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူ ထိခိုက်နစ်နာ မှု မရှိစေရန်အတွက် ကွင်းဆင်းလေ့လာ၍ တွေ့ရှိချက်များကို သက်ဆိုင်ရာ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များထံ တင်ပြပြီး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် လျက်ရှိပါကြောင်း။
စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ သတိပေးခြင်း၊ ပြင်းထန်စွာ သတိ ပေးခြင်း၊ လျော်ကြေးပေးစေခြင်း၊ အငြင်းပွားလျက်ရှိသောကုန်စည်ကို ရောင်းချ ဖြန့်ဖြူး ခြင်းအား ကာလအကန့်အသတ်ဖြင့် တားမြစ်ခြင်း၊ ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း၊ စားသုံးသူတို့အား ဘေးဥပဒ်အန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များကို ဖျက်ဆီးစေခြင်း၊ လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခြင်း သို့မဟုတ် အမြဲတမ်း ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ထို့ကြောင့် တရားဝင် မှတ်ပုံ တင်ခြင်းမရှိဘဲ ဈေးကွက်အတွင်းရောင်းချနေသော လက်ဖက်ခြောက်များကို စားသုံးသူ မှ ထိခိုက်နစ်နာမှုရှိကြောင်း တိုင်ကြားလာပါက ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များထံတင်ပြ၍ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၏ လဟယ်မြို့နယ်ရှိ ပုံညို၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်နှင့် လေရှီးမြို့နယ်ရှိ ဆွမ်ပရာဘွမ် တို့တွင် နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်မှာ အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လေးရှီးမြို့နယ် ဆွမ်ပရာဘွမ်၊ လဟယ် မြို့နယ် ပုံညို၊ နန်းယွန်းမြို့နယ် ပန်ဆောင်တွင် နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေးအတွက် နယ်စပ်ဈေးများဖွင့်လှစ်ရာတွင် လိုက်နာရမည့် နယ်စပ်ဈေးများစီမံခန့်ခွဲမှုနည်းလမ်း (Mode of Operation) အား နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ပြီးမှသာ နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လက်ရှိအခြေအနေအရ လုံခြုံရေးအခြေအနေနှင့် နယ်နိမိတ် တိုင်းတာမှု လုပ်ငန်းစဉ်များ မပြီးပြတ်သေးသဖြင့် လျာထားနေရာအားလုံး၌ ဖွင့်လှစ်ရန် အဆင်သင့် မဖြစ်သေးပါကြောင်း၊ မြန်မာ-အိန္ဒိယ နယ်နိမိတ်ကိစ္စရပ်များ ပြီးစီးပါက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နယ်စပ်ဈေးများကို ဆက်လက်ဖွင့်လှစ်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် နယ်စပ်ဈေးများဖွင့်လှစ်ရာတွင် လိုက်နာရမည့် နယ်စပ်ဈေးများ စီမံခန့်ခွဲမှုနည်းလမ်း (Mode of Operation)မူကြမ်းအား နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင်၊ ပန်းတောင်းမဲဆန္ဒ နယ်မှ ဒေါ်ခင်နှင်းသစ်၊ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ စိန်မြအေး၊ မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးသူနှင့် လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူတို့၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုဝန်ကြီး များက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့သော ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး ရေးဥပဒေကြမ်း တို့နှင့်စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအား အမည်စာရင်းတင်သွင်းနိုင် ကြေညာသည်။
(သတင်းစဉ်)

No comments:

Post a Comment