Tuesday, November 22, 2016

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ကျောက်မျက်အတွဲ ၄၄ တွဲ ရောင်းချခဲ့ရ


နေပြည်တော် နိုဝင်ဘာ ၂၂
၂၀၁၆ ခုနှစ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်းပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။

နံနက်ပိုင်းမှ စတင်၍ ရတနာကုန်သည်များသည် မြန်မာ့ ကျောက်စိမ်း ကျောက်မျက် များခင်းကျင်းပြသထားသည့် ပြကွက်နေရာများ အလိုက်လိုလားနှစ်သက်သည့် ကျောက်စိမ်း ကျောက်မျက်များကို ဈေးပြိုင်စနစ်၊ တင်ဒါစနစ်တို့ဖြင့်ဝယ်ယူနိုင်ရန် လေ့လာမှတ်သား တင်ဒါတင်သွင်းလျက်ရှိကြသည်။
ယနေ့ ကျင်းပသည့် ၂၀၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယ နေ့တွင် စုစုပေါင်း ယူရိုငွေ ၁ ဒသမ ၆၇၃ သန်း တန်ဖိုးရှိ မြန်မာ့ကျောက်မျက်အတွဲ ၄၄ တွဲ ကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချခဲ့သည်။
မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်းနှင့် ထိုင်းနိုင်ငံကျောက်မျက်ရတနာသိပ္ပံ ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့ဝင်များသည် မြန်မာ့ကျောက်စိမ်း ကျောက်မျက်ရတနာပြခန်းများအား လေ့လာကြည့် ရှုပြီး မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်  တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် ကျောက်စိမ်းနှင့် အခြားကျောက်မျက်ရတနာများ ၀ယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကျောက်မျက်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံရေးနှင့် ကျောက်မျက်ရတနာလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ နိုဝင်ဘာ ၂၃ ရက်တွင် ကျောက်စိမ်းအတွဲ ၁၂၀၀ ၊ နိုဝင်ဘာ ၂၄ ရက်တွင် ကျောက်စိမ်းအတွဲ ၁၂၀၀၊ နိုဝင်ဘာ ၂၅ ရက်တွင် ကျောက်စိမ်းအတွဲ ၁၂၀၀၊ နိုဝင်ဘာ ၂၆ ရက်တွင် ကျောက်စိမ်းအတွဲ ၁၂၀၀ ၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျောက်စိမ်းအတွဲ ၁၁၂၂ တွဲ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်း ကောင်း နိုဝင်ဘာ ၂၈ ရက်တွင် ကျောက်စိမ်းအတွဲ ၃၅ တွဲနှင့် နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်စိမ်းအတွဲ ၃၁ တွဲတို့ကို ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းအတွဲအမှတ် ၁ မှ ၂၀၀၁ ထိ ၀ယ်ယူခွင့်ရသည့် ရတနာကုန်သည် အမည်စာရင်း၊ ၀ယ်ယူခဲ့သည့် ကျောက်စိမ်းတွဲအမှတ်များနှင့် ၀ယ်ယူသည့် ဈေးနှုန်းများကို  နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် အသိပေးကြေညာသွားမည်ဖြစ်သည်။  
(သတင်းစဉ်)

No comments:

Post a Comment