Tuesday, November 22, 2016

မောင်တောမြို့တွင် ဈေးနှင့် စာသင်ကျောင်းများ ပုံမှန်လည်ပတ်လျက်ရှိ


မောင်တော နိုဝင်ဘာ ၂၂
လွန်ခဲ့သည့် အောက်တိုဘာလအတွင်းက မောင်တောမြို့နယ်၌  အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သော် လည်း မောင်တောမြို့ပေါ်တွင်မူ ဈေးနှင့် စာသင်ကျောင်းများ ပုံမှန်ပြန်လည် လည်ပတ်လျက်ရှိသည်။

နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် မောင်တောမြို့ရှိ သားငါးနှင့် ဟင်းသီး ဟင်းရွက်ဈေးတွင် ရောင်းသူ ၀ယ်သူများဖြင့် ပုံမှန်အတိုင်း စည်စည်ကားကားရှိသကဲ့သို့ မြို့ပေါ်ရှိ စာသင်ကျောင်းများတွင်လည်း နှစ်ဝက်စာမေးပွဲများ ဖြေဆိုလျက်ရှိကြသည်။
''ဈေးကတော့ ပုံမှန်အရောင်းအ၀ယ်ဖြစ်ပါတယ်။ ဒီဈေးက မနက်ပိုင်းဈေးဆို တော့ ၁၀ နာရီလောက်အထိ ရောင်းသူ ၀ယ်သူတွေနဲ့ စည်ကားနေပါတယ်'' ဟု ဈေးကောက် ဦးဘာဒေါ်လာက ပြောကြားသည်။
မောင်တောမြို့နယ် အောင်ဗလရွာမှ မဖြူဝင်းမ ကလည်း '' ကျွန်မတို့ ဒီဈေးမှာ မရွက် (ခရု) ရောင်းတဲ့သူ ဆယ်ယောက်လောက်ရှိတယ်။ ဒီနေ့တော့ လေးယောက်ပဲလာရောင်းပါတယ်။ အရင်က တစ်နေ့ကို တစ်သောင်းကျော်ဖိုးလောက် ရောင်းရပါတယ်။ ဒီနေ့တော့ ၇၀၀၀ ဖိုးပဲ ရောင်းပါသေးတယ်'' ဟု ပြောကြားသည်။
မောင်တောမြို့ပေါ်မှ ကွမ်းရောင်းသည့် ညိုမာမတ် ဆိုသူကလည်း အရောင်းအ၀ယ်မှာ ပုံမှန်းအတိုင်းရှိကြောင်း ပြောကြားသည်။
'' ကျွန်တော်တို့ မနက်က လေးနာရီခွဲ ငါးနာရီလောက် လာခဲ့ပါတယ်။ မောင်တောနဲ့ ငွေတောင်ရွာကို တစ်နာရီလောက် မောင်းရပါတယ်။ ဈေးသည် တွေအရောင်းအ၀ယ်ဖြစ်ရင် ကျွန်တော်လည်း အလုပ်ဖြစ်ပါတယ်။ သွားလာရေး အတွက်သာအခက်အခဲရှိပြီး အရောင်းအ၀ယ်တော့ဖြစ်ကြပါတယ်''ဟု  ဈေးသည် များကို စောင့်ဆိုင်းနေသည့် ငွေတောင်ရွာမှ ထော်လာဂျီမောင်းနှင်သူ ကိုကျော်ထက်အောင် က ပြောကြားသည်။
မောင်တောမြို့နယ်တွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး အောက်တိုဘာ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရကြောင်း မောင်တောမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ကြီး ဦးလှတင်ထွန်းက ပြောကြားသည်။
ထို့ပြင် မူလွန်စံပြ ကညင်တန်းကျောင်းမှ ဆရာမ ဒေါ်ခင်ခင်ချိုကလည်း '' အခုစစ်တဲ့ စာမေးပွဲက  အောက်တိုဘာလက ရပ်ဆိုင်းခဲ့တဲ့ စာမေးပွဲကို ပြန်ဖြေနေကြ တာပါ။ အောက်တိုဘာ ၈ ရက် မြန်မာစာဖြေပြီး ပြသနာတွေ ဖြစ်တဲ့အတွက် ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။ အခုကျောင်းတွေ ပုံမှန်ပြန်ဖွင့်ပြီး မနေ့က အင်္ဂလိပ်စာ ပြန်စစ်နေပါတယ်'' ဟု ပြောကြားသည်။  
သတင်းနှင့်ဓာတ်ပုံ အေ၀မ်းစိုး

No comments:

Post a Comment