Tuesday, November 22, 2016

မသင်္ကာသူတစ်ဦးအား ဖမ်းမိစစ်ဆေးရာမှ မိုင်းဖောက်ခွဲသည့်ဖြစ်စဉ်တွင် ၎င်းကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၀န်ခံထွက်ဆို


နေပြည်တော် နိုဝင်ဘာ ၂၂
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား နိုဝင်ဘာ (၁၂)ရက်က ငါးခူရစခန်းသို့ ပို့ဆောင်သော ယာဉ်(၃)စီးအား မောင်တောမြို့နယ်၊ မောင်နှမ(တောင်)ရွာအ၀င် ဘောလီတံတား၌ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရပြီး
မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သော မာမွတ်ကာစီက ဖောက်ခွဲမှု ဖြစ်စဉ်အား ၎င်းကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ၀န်ခံထွက်ဆိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၂ ရက်က အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့(ကျီးကန်းပြင်)မှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မော်တော်ယာဉ် သုံးစီးဖြင့် ငါးခူရစခန်းသို့ ပို့ဆောင်စဉ် နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မောင်တောမြို့နယ်၊ မောင်နှမ(တောင်)ရွာအ၀င် ဘေလီတံတားအမှတ် (၃၈)သို့ အရောက် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်တစ်စီး၏ နောက်ပိုင်း ပျက်စီးခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍   နိုဝင်ဘာ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ အောင်မင်္ဂလာ(ရခိုင်) ကျေးရွာအတွင်း မသင်္ကာဖွယ်ရာ လူတစ်ဦး  ရောက်ရှိလာသဖြင့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ အဘ ဦးမာမွတ်ဒူဆောင်း၏သား မာမွတ်ကာစီ အား ရာဇ၀တ် ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်သဖြင့် အရေးယူနိုင်ရေး စစ်ဆေးမေးမြန်းစဉ် ထွက်ဆိုချက် များအရ နိုဝင်ဘာ ၁၁ ရက်က မာမွတ်ကာစီနှင့်လေးဦးတို့သည် မောင်နှမ(တောင်) ရွာအ၀င် ဘေလီတံတားအမှတ်(၃၈) အနီးတွင်ကျင်းတူး၍ မိုင်းတစ်လုံးမြှုပ်နှံခဲ့ပြီး သံကြိုးဖြင့် ဆွဲ၍ လယ်ကွင်းပြင်၌ သံကြိုးအားထားခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ၎င်းနှင့် အခြား တစ်ဦးတို့သည် မိုင်းဖောက်ခွဲရန် လယ်ကွင်း၌ စောင့်ဆိုင်းနေစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားသုံးစီး ဖြတ်သန်းလာသဖြင့် သံကြိုးအားဆွဲ၍ မိုင်းဖောက်ခွဲခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ကျေးရွာသို့ပြန်လာခဲ့ကြောင်း ၀န်ခံထွက်ဆိုသဖြင့် ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment