Saturday, November 5, 2016

သံဖြူဇရပ်-ထားဝယ်သွား ကားလမ်းနှင့် ရထားလမ်းဖြတ်နေရာအား လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်

သံဖြူဇရပ်  နိုဝင်ဘာ  ၎
မွန်ပြည်နယ် အစိုးရ အဖွဲ့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မ့ာမီးရထားဌာန၊ လမ်းလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းစီစဉ်မှုဖြင့် သံဖြူဇရပ်-ထားဝယ် မော်တော်ကားလမ်း မိုင်တိုင်အမှတ်၂၁၆/၆၇ ၀ဲသွန်ချောင်ကျေးရွာရှိ မော်တော်ကားလမ်းနှင့် မီးရထားလမ်း ဖြတ်နေရာအား ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထား သံလမ်း အင်ဂျင်နီယာဌာနနှင့် သံဖြူဇရပ်မြိုနယ် လမ်းဦးစီးဌာနတို့ ညှိနှိုင်းပူးပေါင်းကာ Level Crossing လမ်း အဆင့်မြှင့်တင်မှုကို နိုဝင်ဘာ၃ရက် ည၉နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့သည်။

"မီးရထားသံလမ်းခင်းခြင်းအပိုင်းကို ည၉နာရီအချိန်က စတင်ပြီး လုပ်ကိုင်ပါတယ်။ ဒီလမ်းမကြီးပေါ်မှာ
ညပိုင်းမှာလည်း ထားဝယ်-မြိတ် ခရီးသည် မှန်လုံကားနဲ့ ကုန်တင်ကားကြီးတွေက ညလုံးပေါက်သွားလာ
နေကြတဲ့အပြင် နေ့ဖက်မှာလည်း ယာဉ်တွေက စဉ်ဆက်မပြတ် သွားလာနေကြတော့ သံလမ်းပြင်ဆင်နေချိန် လမ်းပိတ်ထားရင် တစ်နာရီလောက်အတွင်းမှာ ယာဉ်စီးရေတစ်ရာကျော်လောက် တန်းစီနေရလို့ အလုပ်ကို ရပ်ပြီး ကားသွားလာနိုင်ဖို့ စီစဉ်ပေးရတာ တစ်ညနဲ့ပြီးရမှာ မပြီးပဲ အချိန်ကြန့်ကြာ နေပါတယ်။  လမ်းလွှဲလမ်း ကြောင်းက မရှိဘူးဖြစ်နေလို့ ယနေ့ည ပြီးစီးရေးကို ကြိုးပမ်းနေပါတယ်။ သံလမ်းအပိုင်းက Level Crossing
၅၅.၅ပေ အကျယ် ဆောင်ရွက်မှာ ဖြစ်ပြီး သံလမ်းကဏ္ဍပြီးရင် လမ်းဦးစီးဌာနက ကတ္တရာခင်း လုပ်ငန်းကို တစ်
ဆက်ထဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်"ဟု သံလမ်းအင်ဂျင်နီယာရုံးအငယ်တန်းအင်ဂျင်နီယာ-ဦးကျော်လွင်ဦး
မှပြောကြားခဲ့သည်။
ယခုလုပ်ငန်းဆောင်ရွက်နေသည့်ကားလမ်းနှင့် ရထားလမ်း Crossing နေရာသည် ယခင်ကတ္တရာလမ်း
အကျယ်၁၅ပေခန့်သာ ရှိသဖြင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ ယခုကတ္တရာလမ်း အကျယ်၂၄ပေကို ရထားလမ်းအပိုင်း ဆောင်ရွက်ခြင်းနှင့် အတူတစ်ပြိုင်တည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန အငယ်တန်းအင်/ယာ-၂ (မြို့ပြ) ဒေါ်မြင့်မြင့်အောင်၏ ပြောကြားချက်အရ သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment