Tuesday, November 22, 2016

မောင်တောခရိုင်အတွင်း ရပ်ဆိုင်းထားသော စာမေးပွဲများ ပြန်လည်ဖြေဆို


 
မောင်တော နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပိတ်ထားသည့်အခြေခံပညာကျောင်းများ ထက်ဝက်ကျော် ပြန်လည်ဖွင့်လှစ်ကာ နှစ်ဝက်စာမေးကို ပြန်လည်ဆို လျက်ကြောင်း ခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က ပြောသည်။

''မောင်တောခရိုင်မှာ  အောက်တိုဘာ ၉ ရက်မှာ စပြီး ကျောင်းတွေ ပိတ်ခဲ့ရ ပါတယ်။ အခုအခါမှာတော့ မြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်းတွေဟာ တည်ငြိမ်အေးချမ်းမှု ရရှိလာတဲ့အတွက် အောက်တိုဘာ ၂၄ ရက်မှာ ပြန်ဖွင့်ခဲ့ပြီး ရပ်ဆိုင်းထားတဲ့ စာမေးပွဲတွေကို နိုဝင်ဘာ ၂၁ ရက်မှ စတင် ပြန်လည်ဖြေဆို နေပြီဖြစ်ပါတယ်။ မောင်တောခရိုင်မှာ ကျောင်းပေါင်း ၄၀၀ ကျော်ရှိတဲ့အနက် ၂၀၀ ကျော် ပြန်ဖွင့်ပြီး စာမေးပွဲများ ဖြေဆိုနေကြပါတယ်'' ဟု ခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က ပြောသည်။
မောင်တောခရိုင်တွင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ဟူ၍ နှစ်မြို့နယ် ပါဝင်ကြောင်း၊ မောင်တော မြို့နယ်တွင် အထက်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်းအဆင့် ၁၀၈ ကျောင်းနှင့် မူလတန်းအဆင့် ၅၉ ကျောင်း စုစုပေါင်း ၁၈၃ ကျောင်းရှိကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင် အထက်တန်းအဆင့်ကျောင်း ၁၀ ကျောင်း၊ အလယ်တန်းအဆင့် ၁၀၆ ကျောင်းနှင့် မူလတန်းအဆင့် ၁၀၃ ကျောင်း စုစုပေါင်း ၂၀၉ ကျောင်း ရှိကြောင်း သိရသည်။
နယ်မြေတည်ငြိမ်အေးချမ်းလာမှုကြောင့် မောင်တောမြို့နယ်တွင် အထက်တန်း အဆင့် ကိုးကျောင်း၊ အလယ်တန်းအဆင့် ၂၇ ကျောင်းနှင့် မူလတန်းအဆင့် ၃၂ ကျောင်း စုစုပေါင်း ၆၈ ကျောင်း ပြန်လည်ဖွင့်လှစ်ကာ စာမေးပွဲများ စတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။
အလားတူ ဘူးသီးတောင်မြို့နယ်တွင်လည်း အထက်တန်းအဆင့် ၁၀ ကျောင်း၊ အလယ်တန်းအဆင့် ၇၂ ကျောင်း၊ မူလတန်းအဆင့် ၅၃ ကျောင်း စုစုပေါင်း ၁၃၅ ကျောင်း ပြန်လည်ဖွင့်လှစ်ကာ စာမေးပွဲများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မောင်တောခရိုင်တစ်ခုလုံးတွင် ပြန်လည်ဖွင့်လှစ်ရန် ကျန်ရှိသည့် ကျောင်းအရေ အတွက်မှာ ၁၉၉ ကျောင်းရှိကာ နယ်မြေအေးချမ်းလာသည့်နှင့်အမျှ ကျောင်းများတိုးချဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးက ထပ်လောင်းပြောကြားသည်။
သတင်း- မြင့်မောင်စိုး
ဓာတ်ပုံ- အေ၀မ်းစိုး (ကြေးမုံ)

No comments:

Post a Comment