Thursday, November 3, 2016

မော်လိုက်မြို့ နှစ်(၁၀၀)ပြည့်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


မော်လိုက် နိုဝင်ဘာ ၃
နိုင်ငံခြားသား ခရီးသည်များ စိတ်ဝင်တစား လာရောက်လည်ပတ် လေ့ရှိသည့်မြို့၊ ချင်းတွင်း မြစ်ကမ်း တလျှောက် ဆိပ်ကမ်း သာယာ လှပဆုံးနှင့် ဆိပ်ကမ်း ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ပြီး အင်္ဂလိပ် လက်ထက်က ဆောင်လုပ်ခဲ့သည့် အဆောက်အဦများများစွာရှိသည့် မြို့လေးတစ်မြို့အဖြစ် ယနေ့အချိန်ထိ ရပ်တည်နေသည့် မော်လိုက်မြို့တည်နှစ် (၁၀၀)ပြည့် ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို





နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ မော်လိုက်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် ဌာနတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ နှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မော်လိုက်မြို့ ရာပြည့်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ဦးကျော်မင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ လုပ်ငန်း ကော်မတီ(၁)ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
လုပ်ငန်းကော်မတီများမှ ရှင်းလင်းတင်ပြချက်များအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည်များအား ဖြည့်စွက်မှာ ကြားရာတွင် မိမိမြို့၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကြီးတွင် ပျော်ရွှင်စွာဆောင်ရွက်ပြီးစီးနိုင်ရေး အတွက် မိမိတာဝန်ကျရာ လုပ်ငန်းကဏ္ဍအလိုက် အဆင်ပြေချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက်သွားကြရန် နှင့် ပွဲတော်ကာလတွင် ရပ်နီး/ ရပ်ဝေးမှ လာရောက်ကြမည့် ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ကူးတို့များ၊ ကျေးရွာများမှ လိုင်းတိုလေးများအား သတ်မှတ်လူဦးရေအတိုင်း တင်ဆောင်ရန်နှင့် အသက်ကယ်အင်္ကျီများပြည့်စုံစွာ ထားရှိရေး တို့ကို အလေးထား ကြပ်မတ်သွားရန်၊ ကားလမ်းအတက်အဆင်းများ လမ်းကွေ့များတွင် ရောင်ပြန်စတေကာများ ကပ်ထားရန်နှင့် ပွဲတော် ကျင်းပနေစဉ် လုံခြုံရေးများကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားခဲ့သည်။
အဆိုပါ မော်လိုက်မြို့ နှစ်(၁၀၀)ပြည့်ပွဲတော်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ၃ ရက် တိုင်တိုင် မော်လိုက်မြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ စည်းကာသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မော်လိုက်(ပြန်/ဆက်)


No comments:

Post a Comment