Wednesday, November 2, 2016

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ စာသင်ကျောင်းနှင့် ဈေးများ ပြန်လည်ဖွင့်လှစ်





မောင်တော  နိုဝင်ဘာ 
ရခိုင်ပြည်နယ်မောင်တောခရိုင်အတွင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်၊ စခန်းနှင့် နယ် မြေရုံးတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းနှင့်ဆက် စပ်ပစ္စည်းများဆုံးရှုံးခဲ့ရာ မောင်တောမြို့နယ်အတွင်းရှိ  ကြိမ်ချောင်းကျေးရွာမှပြည်သူများလည်း ထိတ်လန့်စိုးရိမ် မှုများဖြစ်ပေါ်ကာ ကျောင်းများ၊ ဈေးများ ပိတ်ထားခဲ့ရာမှ
ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်၍ စာသင်ကျောင်းနှင့် ဈေးများ ပြန်လည်ဖွင့်လှစ်ကာ ရောင်းဝယ်ဖောက်ကားမှုများနှင့် သွားလာမှုများ ပုံမှန်အ တိုင်းရှိနေပြီဖြစ်သည်။
ကြိမ်ချောင်းကျေးရွာဈေးတွင် ဆိုင်ခန်းများအားလုံး ဖွင့်လှစ်ရောင်းချလျက်ရှိပြီး နံနက်ပိုင်းတွင် ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျက်ရှိသည်။ ကြိမ်ချောင်းကျေးရွာသည် အိမ်ခြေ ၁၀၀၁ အိမ်ခြေရှိပြီး လူဦးရေ ၈၄၉၃ ဦးရှိကာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာဝင်များ အတူတကွယှဉ်တွဲကာ အေးချမ်းတည်ငြိမ်စွာနေထိုင်လျက်ရှိသည်။ ကြိမ်ချောင်းရွာဈေးသည် အနီးဝန်းကျင်ကျေးရွာများရှိ ဈေးများအနက် အကြီးဆုံးနှင့် အစည်းကားဆုံးသော ဈေးတစ်ခုဖြစ်သည်။
‘ကျွန်တော်တို့ကြိမ်ချောင်းရွာဟာ တောင်ရွာ၊ မြောက်ရွာ၊ အလယ်ရွာ ဆိုပြီးတော့ ရွာသုံးရွာစုပေါင်း ထားတဲ့ကျေးရွာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းနေထိုင်တဲ့ရွာဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ရွာဖြစ်ပါတယ်။ အောက်တိုဘာ ၉ ရက်က အနီးဝန်းကျင်ကျေးရွာအချို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်ပြီး စာသင်ကျောင်းနဲ့ ဈေးကို ပိတ်ထားခဲ့ပေမယ့် အခု တော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ပြသနာတစ်စုံတရာလည်း မရှိခဲ့ပါဘူး။”ဟု ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြောသည်။
ကြိမ်ချောင်းကျေးရွာရှိ အချို့နေရာများတွင် နယ်မြေအေးချမ်းမှုရရှိစေရန် ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ ရွာသူရွာသားများအနေဖြင့် စိုးရိမ်ပူပန်ပြီး ကျေးရွာမှထွက်မပြေးကြရန်၊ နယ်မြေလုံခြုံရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရန်၊ ပြစ်မှုကျူးလွန်သူများ ကိုသိရှိပါက ဖော်ထုတ်ကူညီပေးကြရန် လက်ကိုင်စပီကာဖြင့် ကြိုတင်အသိပေးမှုများ ပြုလုပ်ခဲ့သဖြင့် အထင်အမြင်လွဲမှားမှုများ မရှိခဲ့ဘဲ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရွာသူရွာသားများ အတူတကွပူးပေါင်းကာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နိုင်ခဲ့ကြသည်။
ကြိမ်ချောင်းကျေးရွာသို့ နိုဝင်ဘာ ၂ ရက်မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သံတမန်အဖွဲ့ဝင်များ ရောက်ရှိခဲ့ချိန်တွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာဝင်များ အတူတကွအေးချမ်းစွာ ယှဉ်တွဲနေထိုင်မှုနှင့် ပတ်သက်၍ သံတမန်တစ်ဦးက မေးမြန်းခဲ့ရာတွင် ‘ကျွန်တော်တို့ အခုလို အတူတကွ ပူးတွဲပြီး အေးအေးချမ်း ချမ်း နေထိုင်နိုင်တာဟာ စီးပွားရေးကောင်းပြီး အသိဥာဏ်ရှိကြတယ်၊ ပညာတတ်လို့လည်း ဖြစ်ပါတယ်”ဟု အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment