Thursday, November 3, 2016

ထောက်ပံ့အကူအညီပေးမှု ရပ်စဲခြင်း၊ ရွာများကိုမီးရှို့ခြင်းအပါအ၀င် လူအခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟုမဟုတ်မမှန် စွပ်စွဲချက်များအပေါ် မှန်ကန်မှုမရှိကြောင်း နိုင်ငံတကာ အသိုက်အ၀န်းသို့ ပြသ


စစ်တွေ နိုဝင်ဘာ ၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ လက်ရှိ ဆောင်ရွက်ထားသည့် အခြေအနေများကို သိရှိနိုင်ရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအချို့၏ မေတ္တာရပ်ခံချက်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးညီပု၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်တင်ဦးဆောင်သည့် UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးများ သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှလေကြောင်းခရီးစဉ်ဖြင့် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ရောက်ရှိကြသည်။

စစ်တွေ လေဆိပ်ခန်းမတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကမောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များအပြီးတွင် အစိုးရက ဥပဒေနှင့်အညီ ဖြေရှင်းလျက်ရှိကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်အား ဖြေရှင်းရာတွင် အစ္စလာမ်ဘာသာဝင် များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အထောက်အထားမဲ့ စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အတင်းအဓမ္မပြုကျင့်ခြင်း၊ နေအိမ်များအား ရွာလုံးကျွတ်မီးရှို့ခြင်းတို့ကို ပြုလုပ်လျက် ရှိသည်ဟူသောပြင်ပ သတင်းများမှာဟုတ်မှန်မှုမရှိကြောင်း၊ ယခုမြေပြင်တွင် အမှန်တကယ်လက်တွေ့ ကွင်းဆင်းလေ့လာ သုံးသပ်ဆုံးဖြတ်နိုင်ရန် လိုက်လံပြသပေးမည်ဖြစ်ကြောင်းနှင့် မြေပြင်တွင် တွေ့ရှိရမည့် အစ္စလာမ်ဘာသာဝင်များအား ကိုယ်တိုင်မေးမြန်းနိုင်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန် ထားသည့်အတိုင်း ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့အနေဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီနှစ်ဖက် မျှမျှတတရှိစေရန် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ကွပ်ကဲ ဆောင်ရွက် လျက်ရှိကြောင်း UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးများ အားပြောကြားသည်။
ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့ဝင်များ၊ UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးများသည် ရခိုင်ပြည်နယ်မောင်တောမြို့နယ် သို့ရောက်ရှိပြီး မောင်တောမြို့နယ် ကျီးကန်ပြင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ရုံးရှင်းလင်းဆောင်၌ မောင်တောနှင့် ရသေ့တောင်မြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်၊ အကြမ်းဖက် မှုဖြစ်စဉ်နောက်ပိုင်းဆောင် ရွက်ထားရှိမှု အခြေအနေတို့ကို မှတ်တမ်း အထောက်အထားအပြည့်အစုံဖြင့် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်နယ် အစိုးရတို့ မှတာဝန်ရှိသူများက ရှင်းလင်းသည်။
UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးအချို့က သိရှိလိုသည် များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် အဖွဲ့များသည် နေအိမ်ငယ်အချို့ကိုမီးရှို့ထားခဲ့ သည့် ၀ါးပိတ်ကျေးရွာသို့ သွားရောက်ကြည့်ရှုသည်။
ယင်းနောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုစတင်ဖြစ်ပွားသည့် ကျီးကန်းပြင်ကျေးရွာသို့သွားရောက်ရာ ၀ါးပိတ်ကျေးရွာနှင့် ကျီးကန်းပြင်ကျေးရွာတို့မှ တိမ်းရှောင် ပုန်းအောင်နေသည့် အစ္စလာမ်ဘာသာ ၀င်များသည် ၄င်းတို့ ပုန်းအောင်းသည့်နေရာ များမှ ပြည်နယ် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ၊ UNDP ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများကို လာရောက် တွေ့ဆုံသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇင်ပိုင်ညာကျေးရွာတွင် နေထိုင်လျက်ရှိသည့် အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးများသည် ရခိုင်၊ ဒိုင်းနက်၊ မြိုနှင့် အစ္စလာမ် ဘာသာဝင်များ သင့်မြတ်စွာ စုပေါင်းနေထိုင် လျက်ရှိသည့် ကြိမ်ချောင်းကျေးရွာသို့ သွားရောက်ခဲ့သည်။
ယင်းနောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် တပ်မတော်သား ငါးဦးကျဆုံးခဲ့သည့် ပြောင်ပိုက် ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး အဆိုပါ ကျေးရွာဝန်းကျင်တွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုးတန်းကျေးရွာ၊ ငါးခူရကျေးရွာများသို့ ရဟတ် ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ယခုခရီးစဉ်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် များတွင် ရဲစခန်းများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများခံခဲ့ရသဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်း ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု မဟုတ်မမှန် စွပ်စွဲချက်များအပေါ် မှန်ကန်မှုမရှိကြောင်း နိုင်ငံတကာ အသိုက်အ၀န်းသို့ ပြသနိုင်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment