Sunday, November 6, 2016

၂၀၁၆ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ကြည်ညို


နေပြည်တော် နိုဝင်ဘာ ၆

၂၀၁၆ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့ မဟာဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ကြည်ညိုပြီး ကထိန်လျာ သင်္ကန်း ဆက်ကပ်လှူ ဒါန်းသည်။





အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာ့ မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်း ပူဇော်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ် တော်မူကြသည့် ပရိတ်တရားတော်များ ကို နာယူကြသည်။


ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ က၀ိသာရထံ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယသမ္မတဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ အမျိုး သားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ် လှူဒါန်း ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန် ပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ ထံမှ ကထိန်အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

ယနေ့ ကျင်းပသည့် ၂၀၁၆ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့၏ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲတွင် ငွေကျပ် (၃၁၆၃၄၈၅၀ )တန်ဖိုးရှိ ပဒေသာပင်များနှင့် န၀ကမ္မလှူဒါန်းငွေ ကျပ် (၂၇၂၉၅၃၀၀) လှူဒါန်းခဲ့ကြသည့်အတွက် စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေကျပ် (၅၈၉၃၀၁၅၀) ဖြစ်ကြောင်း သိရ သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

No comments:

Post a Comment