Sunday, November 6, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ခန္တီးမြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ပြည်သူ့ ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေး


နေပြည်တော် နိုဝင်ဘာ ၆

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ၀န်ကြီးများနှင့် အတူ ယနေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့သို့ ရောက်ရှိပြီး ခန္တီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင် တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။



ဒုတိယသမ္မတနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း၌ ဒုတိယ ကျောင်းအုပ်၊ သင်တန်း နည်းပြများ၊ သင်တန်းသူများနှင့် တွေ့ဆုံရာ ဒုတိယ ကျောင်းအုပ်က သင်တန်းကျောင်း ဆိုင်ရာအချက် အလက်များ၊ သင်တန်းသူများ အား နှစ်အလိုက် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသား များမှာ မြို့ပြတွင် နေထိုင်ကြ သူများထက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပါကြောင်း၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟခြင်းမှာ အလုပ်အကိုင် နည်းပါးမှု ကြောင့် ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် သက်မွေးပညာ သင်တန်းများ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဆောင်ရွက်နေပါကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံ အမျိုးသမီးများ အလုပ်အကိုင် ရရှိနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ သက်မွေးသင်တန်းကျောင်းများ ဖွင့်လှစ် ဆောင်ရွက်သကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ အနေဖြင့်လည်း ဒေသနှင့်ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင် ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများကလည်း သက်မွေးပညာရပ်များမှာ အရေးကြီးသည့် အတွက် အလေးထားဆောင်ရွက်သွားရန် လမ်းညွန်ထားပြီဖြစ်ကြောင်း ပြောကြားသည်။

ဒုတိယသမ္မတသည် သင်တန်းသူများ ချုပ်ထားသည့် အ၀တ်အထည်များနှင့် လက်မှုပစ္စည်းများအား ကြည့်ရှု စစ်ဆေး သည်။
ဆက်လက်၍ ခန္တီးပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ၀န်ထမ်းများနှင့် တွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် ဆေးရုံအုပ်ကြီးက ဆေးရုံဆိုင်ရာအချက်အလက်များ၊ ကွင်းဆင်း ကုသပေးမှု၊ ဆေးပစ္စည်းရရှိမှု၊ တိုးချဲ့ လူနာဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဒုတိယသမ္မတက ခန္တီးဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၏ အစွန်ဆုံးအပိုင်း တွင် တည်ရှိပါကြောင်း၊ မကြာမီက ဖြစ်ပွားခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၀က်သက်ကူးစက်ရောဂါကုသမှု လုပ်ငန်းများတွင် ခန္တီးခရိုင်မှ အင်တိုက် အားတိုက် သွားရောက်ကူညီခဲ့ကြပါကြောင်း၊ သို့ဖြစ်၍ ကူးစက်ရောဂါကို အချိန်တိုအတွင်း ထိန်းချုပ် နိုင်ခဲ့ပါကြောင်း၊ နောင်တွင် ကူးစက်ရောဂါ ထပ်မံမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှု များ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း ပြောကြား သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၀န်ထမ်းအိမ်ရာ နှင့် သွားဆရာဝန် လိုအပ်ချက် တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်မှုနှင့် ပြည်သူများ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် ပြောကြားသည်။


ဒုတိယသမ္မတသည် ဆေးစတို၊ လူနာဆောင်မြေနေရာနှင့် ခုတင်(၅၀)တိုးချဲ့ လူနာဆောင် တည်ဆောက် ပြီးစီးမှုအား ကြည့်ရှုသည်။

No comments:

Post a Comment