Wednesday, November 9, 2016

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ တတိယပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော်  နိုဝင်ဘာ ၉
           
ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ တတိယ ပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           
အစည်းအဝေးတွင် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ နာယက၊ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ တတိယပုံမှန် အစည်းအဝေးများကို နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပရန် ကြေညာထားပြီးဖြစ်ပါကြောင်း၊ အစည်းအဝေးကို တက်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များကိုလည်း အချိန်မီ ရောက်ရှိစေရန် ဖိတ်ကြားထားပြီးဖြစ်ပါကြောင်း၊ ယခု ကျင်းပမည့် တတိယအကြိမ် ပုံမှန် အစည်းအဝေးများတွင် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်း နိုင်ရေးကိစ္စ၊ လွှတ်တော် အသီးသီးတွင် ဆောင်ရွက်ဆဲ ဥပဒေကြမ်းများ အနက်မှ ပြည်သူလူထု အတွက် အရေးကြီးသည့်ဥပဒေများကို ဆက်လက်ပြဋ္ဌာန်းနိုင်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ လွှတ်တော်အသီးသီး၏ ပထမပုံမှန် အစည်းအဝေးနှင့် ဒုတိယပုံမှန်အစည်း အဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ရာ လုပ်ငန်း ကော်မတီများအလိုက် တာဝန်ယူထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီး၏ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုကြောင့် အောင်မြင်ရခြင်း ဖြစ်ပါကြောင်း၊ ပြင်ဆင် ဆောင်ရွက် သင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
           
ယင်းနောက် ဗဟိုကော်မတီနာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ယခု ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း၊ ဘာသာပြန်ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရေနံလက်ယက်တွင်း ဆိုင်ရာဥပဒေကြမ်း၊ ရေချိုငါးလုပ်ငန်းဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းစသည့် ဆောင်ရွက်ဆဲ ဥပဒေကြမ်းများကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း ယခင်ပုံမှန် အစည်းအဝေးများ နည်းတူညှိနှိုင်း ဆွေးနွေးကြပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ပကြောင်း၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အထူးဂရုပြု ဆောင်ရွက်စေပါကြောင်း၊ အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်း အခက်အခဲ မရှိစေရန်အတွက် တက်ညီလက်ညီ ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြရန် မှာကြားသည်။
           
ထို့နောက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးက ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရေတက်လာသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာ လုပ်ငန်း ကော်မတီအလိုက် စီမံ ဆောင်ရွက်ထားရှိမှု အခြအနေများကို ရှင်းလင်း တင်ပြသည်။
           
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြရာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့  က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။


(သတင်းစဉ်)

No comments:

Post a Comment