Wednesday, November 9, 2016

ဒေသအလိုက် ဖြစ်ပေါ်နေသည့် လယ်ယာထုတ်ကုန် ဈေးနှုန်းကြောင့် တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု နည်းပါးစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


 နေပြည်တော် နိုဝင်ဘာ ၉

ဒေသအလိုက် ဖြစ်ပေါ်နေသည့် လယ်ယာထုတ်ကုန် ဈေးနှုန်းကြောင့် တောင်သူ လယ်သမားများ ထိခိုက်နစ်နာမှု နည်းပါးစေရေး ညှိနှိုင်း အစည်းအဝေးကို  ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။


ဒုတိယသမ္မတက မိမိတို့နိုင်ငံ၏ ဆန်စပါးအဓိက ထုတ်လုပ်သည့် ဒေသများ ဖြစ်သော ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် စပါးများ စုပြီး ထွက်လာသည့်အတွက် ဝယ်လိုအားထက် ရောင်းလိုအားများ နေတတ်ပါကြောင်း။  
           
ဥပဒေအရ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဆန်စပါးဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်း အဖွဲ့များကို ဖွဲ့စည်းထားခြင်းသည် ယခုကဲ့သို့ ဖြစ်ပေါ်လာသည့် အခြေအနေများ အပေါ် ကောင်းမွန်ပြေလည်အောင်  စီမံခန့်ခွဲနိုင်ရန် ဖြစ်ပါကြောင်း၊ စပါးဝယ်ယူရန် လိုအပ်သည့် ဒေသ၊ မြို့နယ်များကို သတ်မှတ်ကာ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က တစ်ဆင့် ဦးဆောင် အဖွဲ့ထံ တင်ပြပြီး သိုလှောင်ရုံ သို့မဟုတ် ဆန်စက်ကို ဝယ်ယူရေးစခန်းအဖြစ် သတ်မှတ်အခြေချကာ ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝယ်ယူရေးတစ်ခုတည်း သာမက သယ်ယူရေး၊ သိုလှောင်ရေး၊ ကြိတ်ခွဲရေး၊ ဖြန့်ဖြူးရောင်းချရေးကိုပါ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အခြောက်ခံစက်များနှင့် အခြောက်ခံနိုင်ရေးသည် ဆန်စပါး ကဏ္ဍကြီး တစ်ခုလုံး အတွက် အရေးကြီးသည့် ကွင်းဆက်တစ်ခုဖြစ်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း။
           
ယခုအစည်းအဝေးတွင် ဒေသအလိုက် လယ်ယာထုတ်ကုန် ဈေးနှုန်းကြောင့် တောင်သူများ   ထိခိုက်နစ်နာ ဆုံးရှုံးမှု နည်းပါးစေရေး မည်သို့ ဆောင်ရွက်ပေးနိုင်မည် ဆိုသည့် အချက်များကို ၀ိုင်းဝန်းဆွေးနွေး အဖြေရှာရမည်ဖြစ်ကြောင်း ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က နှစ်အလိုက်ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု၊ ဆန်စပါးထုတ်လုပ်မှု စရိတ်ကြီး မားလာမှု၊ လယ်ယာ လုပ်သား ရှားပါးလာမှုနှင့် ၀ယ်လိုအား မြင့်တက်လာရန် ဆန်စပါး ကုန်သည်များအား ထောက်ပံ့ ဖြေလျှော့ပေးသင့်သည့် အချက်များကို တင်ပြသည်။

မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းချုပ် တာဝန်ရှိသူတို့က ဒေသအလိုက်  အခြေအနေများအပေါ် မူတည်၍ စပါးဝယ်ယူမှု အခြေအနေ၊ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် လက်ရှိ ဆန်စပါးဈေးနှင့် ကမ္ဘာ့ဆန်ဈေး ကျဆင်းနေမှု အခြေအနေ၊ ပိုလျှံဆန်များပြည်ပသို့ တင်ပို့နေရမှုနှင့် နယ်စပ်ကုန်သွယ်မှု ဘက်မျှအောင် ဆောင်ရွက်ပေးရမည့် အခြေအနေ၊ ကြိုတင်ခွန်ပေးဆောင်နေရမှု၊ နှစ်အလိုက် စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်း အတက်၊ အကျ ဖြစ်ပေါ်မှု၊ လက်လီလက္ကား ဈေးနှုန်း၊ စိုက်ပျိုးရေး စရိတ်ချေးငွေ ပြန်ဆပ်ချိန်ကာလ တိုးပေးရေးကိစ္စများကို တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေး စရိတ်ချေးငွေ ထုတ်ချေးမှု၊ ဆန်စပါး ဈေးကွက်သစ်ရှာဖွေမှု၊ ကြိုတင်ခွန်ကောက်ခံမှု အခြေအနေနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဒုတိယ သမ္မတက ဆွေးနွေးတင်ပြချက်များအား ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်ချက်များကို မှာကြားသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်ရေး ဦးဆောင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်တွင် ဆန်စပါးဝယ်လိုအား တိုးမြှင့်လာစေရေးနှင့်  တောင်သူများ တွက်ခြေကိုက်သည့် ဈေးနှုန်းရရှိရေးတို့အတွက် ရေတို၊ ရေရှည် အစီအမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)

No comments:

Post a Comment