Thursday, November 3, 2016

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ၆ လအတွင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်သည့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၃

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ၆ လအတွင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်သည့် တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကား ပြောကြားရာတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အားလုံးပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မှုကိုရရှိနိုင်မည် ဖြစ်ကြောင်း၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု (Universal Health Coverage) ကို ကြိုးပမ်းဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ ဦးဆောင်မှု၊ ဆေးရုံ၊ ကျေးလက် ဆေးပေးခန်းများ တိုးချဲ့ ဖွင့်လှစ်ပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။


ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှုကို လုပ်ဆောင်ရာတွင် ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု နည်းလမ်းများဖြင့် လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးရသော ဌာနဖြစ်၍ ဦးစားပေး လုပ်ဆောင်စေလိုကြောင်း၊ လုပ်ငန်းများ တိုးတက်စေရန် အဖွဲ့ငယ်ကလေးများ ဖွဲ့၍ ဆေးဝါးဝယ်ယူမှု စာရင်းပြုစုခြင်း၊ သတင်းလွှာများ ထုတ်လုပ်ခြင်း၊ ဆေးရုံများ အဆင့်မြှင့်တင်မှုကို သွားရောက်၍ စာရင်းပြုစုခြင်းများ ပြုလုပ်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ၆ လအတွင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း၊ ကုသရေး ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာကြူ၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေး၊ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က တင်ပြကြသည်။


(သတင်းစဉ်)

No comments:

Post a Comment