Thursday, November 3, 2016

မိုဘိုင်းဖုန်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် 7887 Healthcare Call Center မိတ်ဆက်


နေပြည်တော် နိုဝင်ဘာ ၃

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် Trust Oo M-health Enterprise တို့ ပူးပေါင်း ဆောင်ရွက်သော မိုဘိုင်းလ်ဖုန်းများမှ တဆင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းစဉ်ဖြစ်သည့် 7887 Healthcare Call Center မိတ်ဆက် အခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် (Grand Ballroom) တွင် ကျင်းပပြုလုပ်သည်။


မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါက်တာ ဒေါ်နုနုသာက အဖွင့်အမှာ စကား ပြောကြားပြီး Implementing M-health in Myanmar နှင့် စပ်လျဉ်း၍ 7887 Healthcare Call Center ၏ Founder ဒေါက်တာ စွမ်းဆောင်ဦးက ရှင်းလင်းတင်ပြသည်။

ထို့နောက် 7887 Healthcare Call Center နှင့် မိတ်ဆက်ပြီး Call Center ၏ 24/7 ၀န်ဆောင်မှု များကို ဒေါက်တာ သဇင်ကိုကိုက ရှင်းလင်းတင်ပြသည်။

မိုဘိုင်းလ်ဖုန်းများမှတဆင့် ဝေးလံ၍ သွားလာရန်ခက်ခဲသော ကျေးလက်တော ရွာဒေသများအပါအ၀င် မြန်မာနိုင်ငံတ၀န်းရှိ ပြည်သူများမှ ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် ဗဟုသုတများကို အလွယ်တကူ ရရှိနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး Healthcare Call Center တွင် ဆရာဝန်များအား ဖုန်းဖြေကြား သူများအဖြစ် ခန့်ထားကာ စနစ်တကျ လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

ဆရာဝန်များ ကိုယ်တိုင် ၀န်ဆောင်မှုပေးရာတွင် ဖုန်းခေါ်ဆိုသူ ခံစားနေရသော ဝေဒနာများအပေါ် အခြေခံ၍ အသေးစိတ် မေးခွန်းများမေး၍ အကြံဥာဏ်ပေးခြင်း၊ တိုက်ရိုက် ကုသမှုခံယူရန် သင့်လျော်သည့် နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများနှင့် ကျန်းမာရေး ၀န်ထမ်းများထံ ညွှန်းပို့ပေးခြင်း၊ အိမ်တွင်းကုထုံးများနှင့် ရှေးဦးပြုစု နည်းများကို သင်ကြားပေးခြင်း၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ သိလိုသော အထွေထွေ မေးခွန်းများအား ဖြေကြားပေးခြင်း၊ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းတို့ကို ၂၄ နာရီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဝန်ဆောင်ခအနေဖြင့် (ပုံမှန်ဖုန်းခေါ်ဆိုခ+တစ်မိနစ်လျှင် ၁၀၀ကျပ်) + အခွန် ၅ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပြီး လက်ရှိကာလတွင် MPT ၏ Prepaid/Postpaid GSM/ WCDMA မိုဘိုင်းလ် ဖုန်းများဖြင့်သာ ခေါ်ဆိုနိုင်ပြီး မကြာမီကာလ အတွင်း CDMA အပါအ၀င် MPT မိုဘိုင်းလ်ဖုန်းအားလုံး ခေါ်ဆိုနိုင်တော့မည်ဖြစ်ကာ နောက်ပိုင်းတွင် ကျန်ရှိသည့် Mobile Operator များ၏ သုံးစွဲသူများပါ အဆိုပါ ကျန်းမာရေး ၀န်ဆောင်မှုများကို နိုင်ငံ တ၀ှမ်းလုံး တစ်ပြေးညီ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ နိုင်သက်လွင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


(သတင်းစဉ်)

No comments:

Post a Comment