Thursday, November 3, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံ


တိုကျို နိုဝင်ဘာ ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Fumio Kishida တို့သည် ယနေ့နံနက်ပိုင်းတွင် ခေတ္တတည်းခိုသည့် The Imperial Hotel ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မဲခေါင်ဒေသချိတ်ဆက်မှု ခိုင်မာရေး၊ ဒေသတွင်းစိန်ခေါ်မှုဆိုင်ရာ ကိစ္စရပ်များ၊ CTBT အတည်ပြုလက်မှတ် ရေးထိုးခဲ့ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ASEM နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။          
           
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် တိုကျိုမြို့မှ ကျိုတို မြို့သို့ ကျည်ဆံရထားဖြင့် သွားရောက်ပြီး ကျိုတိုတက္ကသိုလ်သို့ ရောက်ရှိကြသည်။
           
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျိုတိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် ကျိုတို တက္ကသိုလ်ဥက္ကဌ Mr.Juichi Yamagiwa က ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့ချီးမြှင့်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့နှင့် အဆောင်အယောင်ကို ပေးအပ်သည်။
           
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ထူးဆောင်ပါ ရဂူဘွဲ့ချီးမြှင့်ခံရခြင်း အတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ကျိုတို တက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ၏  မေးမြန်းမှုများ ကို ပြန်လည်ဖြေကြားသည်။
           
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျိုတိုတက္ကသိုလ်တွင် သုတေသန စာတမ်းပြုစုစဉ်က နေထိုင်ခဲ့သည့်အခန်းကို သွားရောက်ကြည့်ရှုသည်။
           
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျိုတိုမြို့ နိုင်ငံတော်ဧည့်ဂေဟာ၌ ကိုဘေး တက္ကသိုလ်မှ ပါမောက္ခ Mr. Otsu နှင့် တက္ကသိုလ်မှ ကျောင်းသားများနှင့် တွေ့ဆုံ သည်။
           
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ကျိုတိုမြို့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
                                                                                                                       

(သတင်းစဉ်)

No comments:

Post a Comment