Friday, November 18, 2016

ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ  ၁၈
၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုပြီးပါက အများပြည်သူဖျော်ဖြေသည့် ပွဲများ၊ ပြပွဲများ၊ ရိုးရာဓလေ့အရကျင်းပခြင်းများကို အဆင့်ဆင့်ထောက် ခံချက် ရယူတင်ပြရန် မလိုအပ်တော့ဘဲ လျှင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပနိုင်ရေး ခွင့်ပြုချက်တောင်းခံရာတွင် လွယ်ကူလျင်မြန် အဆင်ပြေမှုမရှိသော ကြိုးနီစနစ်အား ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ထိုသို့ ဒုတိယ၀န်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးက ယခုအခါ ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဥပဒေ မူကြမ်းတွင် အများ ပြည်သူဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ရိုးရာဓလေ့အရကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံ၍ ကျင်းပစေခြင်းဟု ပါရှိပါကြောင်း၊ ယင်းဥပဒေ မူကြမ်း အတည်ပြုပြီးပါက အဆင့်ဆင့်ထောက်ခံချက် ရယူတင်ပြရန် မလိုအပ်တော့သည့် အတွက် ပိုမိုလွယ်ကူလျင် မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် နည်း ဥပဒေများအရ စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးမှစ၍ ခရိုင် အုပ်ချုပ်ရေးမှူးအဆင့်အထိ အဆင့်ဆင့် ထောက်ခံချက်များဖြင့် တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ထောက်ခံချက်များရယူရာတွင် ပိုမိုလွယ်ကူစေရန် ၂၀၁၅ ခုနှစ်မှစ၍ မြို့နယ်အလိုက် အများပြည်သူ ၀န်ဆောင်မှုရုံးများ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေ ကြားသည်။
အစည်းအဝေးတွင် ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်း၏ ကျေးရွာကိုယ့်အား ကိုယ်ကိုး လျှပ်စစ်မီးလင်း ရေးကော်မတီများအား ခိုင်မာတိကျသောဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် စည်းမျဉ်း စည်းကမ်းများ စနစ်တကျ ရေးဆွဲပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ကျေးရွာမီးလင်းရေးကော်မတီကို ကျေးရွာနေပြည်သူများ၏ အများဆန္ဒအရသာ ရွေးချယ်ဖွဲ့ စည်းဆောင်ရွက်ရသည့်ကိစ္စဖြစ်ပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးအပါအ၀င် ဒေသအာဏာပိုင်များက ကြီးမှူး၍ ကျေးရွာများတွင် ဒီမိုကရေစီနည်းလမ်းကျကျဖွဲ့စည်းနိုင်ခွင့် ရှိပြီဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ကျေးလက် ဒေသမီးလင်းရေးကော်မတီများအတွက်သီးခြားဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက် နိုင်ခြင်းမရှိပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီများ၏ ငွေရေးကြေးရေး ဆောင်ရွက်ထား မှုနှင့် စာရင်းအင်း ရှင်းလင်းဖော်ပြထားချက်များကို ဒေသခံပြည်သူများက ကျေနပ်မှုမရှိပါက တရားဥပဒေ နည်းလမ်းများအရ ဖြေရင်းဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကော့သောင်းမဲဆန္ဒနယ်မှ ဦးခင်ဇော်၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကြိုဆိုထောက်ခံ သောအားဖြင့်  နိုင်ငံတော်သမ္မတက အမျိုးသားလုံခြုံ ရေးကောင်စီ၏ ထောက်ခံချက်ရယူပြီး အကျဉ်းသူ၊ အကျဉ်းသားများအား လွတ်ငြိမ်းချမ်း သာခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေ များ ကို ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ ပါကြောင်း၊ ထိုသို့ ပြစ်ဒဏ်များချမှတ်ခံရသည့် အကျဉ်းသားများ အနက် နိုင်ငံတော် သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)(ခ)အရ အကျဉ်းသူ၊ အကျဉ်းသားများအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာ ခွင့်များ ပေးပိုင်ခွင့်ရှိပါ ကြောင်း။
နိုင်ငံတော်သမ္မတသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသည့် စည်းကမ်းချက်ထား၍ လည်းကောင်း သို့မဟုတ် စည်းကမ်းချက်မထား၍လည်းကောင်း အကျဉ်းသူ၊ အကျဉ်းသားများကျခံ လျက်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့ပြီး လွတ်ငြိမ်းသက်သာ ခွင့်များပေးနိုင်ပါ ကြောင်း၊ သို့ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပခဲ့ပြီးဖြစ်၍ ယခုအချိန်တွင် ကြိုဆိုသော အားဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ကွမ်းလုံမဲဆန္ဒနယ်မှ ဦးယန်ကျင်း ကန်နှင့် သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းတို့၏ ပြည်ထဲရေးနှင့်လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်တို့က ဖြေကြားခဲ့ကြသည်။
ထို့နောက် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ပြည်ထောင်စုတစ်ဝန်း အရက်ချက်စက်ရုံ များမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများကို လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုသည်။ 

No comments:

Post a Comment