Friday, November 18, 2016

အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၁၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမဆောင် ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက် ဆမ်၏ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ နယ်တွင် ကုန်ကားကြီးများ လွတ်လွတ်ကင်းကင်း သွားလာ နိုင်သည့် မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကျိုင်းတုံမြို့ မြို့ရှောင်လမ်း ဖောက်လုပ်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိပြီး အရှည် ၆ မိုင် ၇ ဖာလုံ ရှိသည့် လမ်းအူကြောင်းအား ရွေးချယ်ထား ပါကြောင်း၊ လမ်းအူကြောင်း နယ်နိမိတ်အတွင်း ပါဝင်နေသည့် လယ်မြေ၊ ယာမြေ၊ ရွာမြေ၊ အဆောက်အဦ မြေ၊ ဂရံမြေ၊ ငါးကန်မြေနှင့် ဥယျာဉ်မြေ စုစုပေါင်း ၉၇ ဒဿမ ၀၆၄ ဧကခန့်အား လျော်ကြေးပေးချေနိုင်ရန် ခရိုင်မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြို့ရှောင်လမ်း ဖောက်လုပ်ရန်နှင့် လျော်ကြေးပေး ချေနိုင်ရန် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၁၀၀၀ လျာထားတင်ပြ တောင်းခံခဲ့ သော်လည်း ရရှိခဲ့ခြင်း မရှိသည့်အတွက် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ဆက်လက် လျာထားတင်ပြ တောင်းခံထားပါကြောင်း၊ ရွေးချယ်ထား သည့် လမ်းအူ ကြောင်းကို အသေးစိတ်တိုင်းတာရန် လမ်း၊ လေယာဉ်ကွင်း ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ဆောင် ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက လုပ်ငန်းများစတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်း ဒေသကြီး တမူးခရိုင် တမူးမြို့ မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လမ်းဧရိယာအတွင်း ပါဝင် သွားသော လယ်ယာမြေများအတွက် တောင်သူများ နစ်နာဆုံးရှုံးမှု နှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က တမူးမြို့ရှောင်လမ်း လမ်းနယ်နိမိတ် အတွင်း ပါဝင်ခဲ့သည့် လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေး ပေးချေနိုင်ရန် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ နစ်နာဆုံးရှုံးသွားသည့် တောင်သူများနှင့် ညှိနှိုင်းသဘောတူညီမှု ရယူပြီးဖြစ် သည့်အတွက် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီက စိစစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့ တင်ပြထားပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက သတ်မှတ်မြေယာ လျော်ကြေးကို ပေးလျော်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၊ ကရင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၃)မှ ဦးစောချစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် တို့၏ ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများ နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment