Friday, November 4, 2016

မိတ္ထီလာတွင် (၃၁) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဝင်္ကပါ ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်




မိတ္ထီလာ နိုဝင်ဘာ ၃

မိတ္ထီလာတွင် (၃၁) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဝင်္ကပါပွဲတော်အား သီရိမင်္ဂလာရပ်ကွက် ထီးသုံးဆင့်-ရွှေမြင်မိ -လေးမျက်နှာဘုရားအနီး ကွင်းပြင်၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဝင်္ကပါပွဲတော်အားလွန်ခဲ့သည့် နှစ်ပေါင်း ၁၄၄ နှစ်ကျော်ကာလက စတင်ပြီး ၂ဝဝ၇ ခုနှစ် အကြိမ် (၃ဝ) မြောက်အထိ ကျင်းပခဲ့သည်။ ယခုအခါ (၃၁) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဝင်္ကပါပွဲတော် အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရုပ်သေပြပွဲပြကွက်များအတွက် နောက်ခံပန်းချီကား များ ရေးဆွဲခြင်းလုပ်ငန်း၊ ဝင်္ကပါလမ်းများတည်ဆောက်ခြင်း၊ မုခ်ဦးများ ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ အလှူငွေ ရရှိရေးလုပ်ငန်းများ၊ လျှပ်စစ်မီးအလှ ပူဇော်နိုင်ရေးလုပ်ငန်းများကို လုပ်ငန်းအဖွဲ့ အသီးသီးခွဲ၍ ထီးသုံးဆင့်-ရွှေမြင်မိ-လေးမျက်နှာ ဘုရားဂေါပက အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဝင်္ကပါပွဲတော်တွင် ယနေ့ခတ်လူငယ်များ အတုယူမှတ်သားဖွယ် ဇွဲလုံ့လနှင့် သီလတရားတို့ကြောင့်အောင်မြင်မှုများ ရယူပိုင်ဆိုင်နိုင်ခဲ့သည့် ဘုရားအလောင်းတော် မဟာဇနက ဇာတ်တော် ကြီးအား တန်ဆောင်မုန်းလဆန်း ၁၂ ရက်မှ လပြည့်နေ့အထိလည်း ကောင်း၊ ပညာအရာဖြင့် အောင်မြင်မှုရရှိပုံကို သိရှိ မှတ်သားဖွယ်များ ပါဝင်သည့် မင်းကုသ ဇာတ်တော်ကြီးအား တန်ဆောင် မုန်းလပြည့်ကျော် ၁ ရက်မှ ၃ ရက်အထိ လည်းကောင်း ရုပ်သေပြခန်း ၁ဝ ခန်းတွင် ရုပ်သေပြကွက် များဖြင့် ဒေသခံအနုပညာ ဝါသနာရှင်သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်ပြသ သွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု ဝင်္ကပါပွဲတော်မှာ ဘုရားအလောင်း ဝေဿန္တရာမင်းကြီး ဇာတ်တော်တွင် ပါဝင်သည့် အကောက်တစ်ထောင် ဝင်္ကပါတောင်အား အခြေခံကာ ရှေးအစဉ်အဆက် ကျင်းပပြုလုပ်သည့်ပွဲတော်တစ်ခုဖြစ်ပြီး ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ များကို သိရှိနားလည်ကာ ကုသိုလ်ကောင်းမှုပြုနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)


No comments:

Post a Comment